မအူပင်တွင် ဒု-ဦးစီးမှူး ပစ္စည်းများ ခိုးယူသည်ဟု စွပ်စွဲခံရသူ တစ်ဦး အချုပ် ခံထားစဉ် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
မအူပင်မြို့နယ် မြို့နယ် ဒု-ဦးစီးမှူး၏ နေအိမ်တွင် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦး ဧရာဝတီတိုင်း မအူပင်ရဲတပ်ဖွဲ့၏ ရိုက်နှက်စစ်ဆေးမှုကြောင့် ရဲစခန်းတွင် သေဆုံး ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရဲတပ်ဖွဲ့၏ ရိုက်နှက်စစ်ဆေးမှုကြောင့် ရဲစခန်းတွင် သေဆုံးခဲ့ရသူ အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးကို နိုဝင် ဘာလ ၁၂ ရက်နေ့(ယနေ့) နေ့လည်ပိုင်းက မီးသင်္ဂြိုဟ်လိုက်ပြီဟု ဒေသခံများက ပြောသည်။
သေဆုံးသူ၏ မိသားစု နှင့် နီးစပ်သူတစ်ဦးက “အလောင်းကိုတော့ ကြည့်ခွင့်မပေးဘူး သူ့ကိုယ်ဝန်က ၄ လ ဝန်း ကျင်ရှိမယ်။ ဆေးရုံကနေ တိုက်ရိုက် သုဿန်ပို့ ချက်ချင်း မီးသင်္ဂြိုလ်လိုက်ကြတယ်” ဟု ပြောသည်။
ရဲစခန်းတွင် သေဆုံးခဲ့သူ ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်မော်လင်းနှင့် ခင်ပွန်းဖြစ်သူ စည်ပင်သာယာဝန်ထမ်း တို့နှစ်ဦးကို မအူပင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒု-ဦးစီးမှူးတစ်ဦးက ၎င်း၏နေအိမ်တွင် ခေါ်ယူ ခိုင်း စေလေ့ရှိသည်ဟု မအူပင်မြို့ စည်ပင်သာယာရုံး ဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ ဒု-ဦးစီးမှူး၏ နေအိမ်တွင် ရွှေထည်နှင့်ပစ္စည်း အချို့ပျောက်ဆုံးသည်ဟုဆိုကာ မတင်မော်လင်းတို့ လင်မ ယားနှစ်ဦးကို မအူပင်မြို့မရဲစခန်းက ခေါ်ယူစစ်ဆေးစဉ် ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင် မတင်မော်လင်း သေဆုံး သွားရခြင်းဖြစ်သည်ဟု စည်ပင်ဝန်ထမ်းအချို့က ပြောသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးရိုက်နှက်မှုကြောင့် ကိုယ်ဝန်ဆောင်သည် မတင်မော်လင်း သေဆုံးသွားခဲ့ရသည့်အပြင်
ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့က ဆက်လက် ဖမ်းဆီး စစ်ဆေးနေဆဲဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
မအူပင်မြို့က အသက် ၆၀ အရွယ်ခန့်ရှိ ဥပဒေအရာရှိဟောင်းတစ်ဦး က “ကိုယ်ဝန်ဆောင်အမျိုးသမီး သာမက မည်သူ့ကို မဆို ရဲတပ်ဖွဲ့က ရိုက်နှက် စစ်ဆေးတာဟာ ရဲစည်းကမ်း ဥပဒေ ချိုးဖောက်တာ ဖြစ်တယ်။ ရိုက်နှက် လို့ သေတဲ့အတွက် လူသတ်မှု ဖြစ်တယ်” ဟု ထောက်ပြ ပြောဆိုသည်။
မအူပင်မြို့ ရဲတပ်ဖွဲ့ အသိုင်းအဝန်းကမူ ရဲကရိုက်နှက်၍ သေဆုံးခြင်း မဟုတ်ဘဲ သွေးတက်ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ပြောဆိုနေကြောင်း မြို့ခံ အချို့က ပြောသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ခင်ပွန်း ဖြစ်သူကို မအူပင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ (ခရိုင် ဒန) နှင့် မအူပင်မြို့မ ရဲစခန်းက ရဲများကစစ်ဆေးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး မတင်လင်းမော်သည် နိုဝင်ဘာလ ၉ ရက်နေ့ က စစ်ဆေးစဉ် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။