ရေးနှင့် ချောင်းဆုံ NLD ရုံးများတွင် ဗုံးကွဲမှုများ ထပ်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

မွန်ပြည်နယ်အတွင်းရှိ ရေးနှင့် ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရုံးများ ထပ်မံ ဗုံး ဖောက်ခွဲခံရသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ညပိုင်းတွင် ချောင်းဆုံမြို့တွင်ရှိသည့် မြို့နယ် NLD ပါတီရုံး ဗုံးဖောက်ခွဲခံလိုက်ရပြီး

ရုံးတစ်ခုလုံးနီးပါး ပျက်စီးသွားသည့်အပြင် ဘေးပတ်ဝန်းကျင်နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ချောင်းဆုံဒေသခံတစ်ဦးက “ပေါက်ကွဲမှုက အတော်ပြင်းထန်တယ်။ လူထိခိုက်တာတွေတော့ မကြားမိဘူး” ဟု ပြောသည်။
အလားတူ ရေးမြို့ရှိ မြို့နယ် NLD ပါတီရုံး နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၂ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပေါက်ကွဲသံကတော့ အကျယ်ကြီး ကြားရတယ် ညသန်းခေါင်ကျော် အချိန်လောက်ရှိမယ်NLD ရုံး ဗုံး ဖောက်ခွဲ ခံရတယ်လို့ ပြောတယ်ထိခိုက်မှုကတော့ မရှိဘူးလို့ သိရတယ် ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် NLD ပါတီရုံးနေရာနှစ်နေရာလုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့ ညကလည်း ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်များရှိ NLD ပါတီရုံးများ ဗုံးဖောက်ခွဲခံရသည့်ဖြစ်စဥ်များလည်း ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ပေါက်ကွဲမှုများကြောင့် ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ် NLD ပါတီရုံး အဆောက်အဦ အချို့ ထိခိုက် ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ဘူးဟု ဒေသခံများက ဆိုသည်။

မွန်ပြည်နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားမှုရှိခဲ့ ရာ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ်များ၊ လျှပ်စစ်ရုံးများ၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးရုံးများ တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အချို့သော ပေါက်ကွဲမှုဖြစ်စဥ်သည် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း အချို့သောပေါက်ကွဲမှုဖြစ်စဥ်များ သည် မည်သူမည်ဝါက လုပ်ဆောင်သည်ကို ယနေ့အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးပေ။