ကံမတွင် NLD ခေါင်းဆောင်နေအိမ်များ ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့က ၅၀၅-က နှင့် ဝရမ်းထုတ်ထားခံရသူများ၏ အိမ်အချို့ကို ချိပ်ပိတ် သိမ်းဆည်းသည့် ဝရမ်းစာများ ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် လိုက်ကပ်နေသည်ဟု ဒေသခံများကပြောသည်။
လက်ရှိနေအိမ် ချိပ်ပိတ်ခံရသူများမှာ ကံမမြို့၊ အမှတ် ၄ ရပ်ကွက်မှ NLD ပါတီ အလုပ်အမှုဆောင်ဖြစ်သူ ဦးတင့် ဇော်၊ ပယ်ကျကျေးရွာမှ မြို့နယ်အလုပ်အမှုဆောင် ဒေါ်ဥမ္မာ၊ ကံမမြို့က ပြည်သူလွတ်တော်ကိုယ်စားလှယ် ဦးမျိုး မင်းဦးတို့၏ နေအိမ်များကို အေးဖိုးစာရွက်ဖြင့်ရေးထားသည့် အသိပေးဝရမ်းများကို စစ်ကောင်စီက လိုက်ကပ် နေခြင်း ဖြစ်သည်။
ကံမမြို့က အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ”ဗီနိုင်းတွေလည်း ချိတ်မယ့်သဘောရှိတယ်။ အခု ဗီနိုင်း ရိုက်တုန်းလို့ ကြားတယ်။ ကံမမှာ ရိုက်တဲ့နေရာမရှိလို့ သရက်မှာရိုက်ရမှာ” ဟု ပြောသည်။
ယခု အိမ်ချိပ်ပိတ် ဝရမ်းကပ်ခံရသူများသည် ဆန္ဒပြပွဲများ အရှိန်ကျသွားကတည်း ရှောင်တိမ်းနေကြရပြီး ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလတုန်းက NLD အောင်နိုင်ရေးအတွက် တက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့သူများ အားလုံးနီးပါးလည်း ထွက်ပြေးနေရသည်ဟု ကံမမြို့ခံများက ပြောသည်။
ယခုနေအိမ် ၃ အိမ်ချိပ်ပိတ်ခံနေရပြီး နောက်ဆက်တွဲ ဆက်လက် ချိပ်ပိတ်ခံရမည်သူများ ထပ်ရှိလာနိုင်သည်ဟု လည်းသိရသည်။
ကံမမြို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသည်လည်း ၅၀၅-က နှင့် အဖမ်းခံထားရသည်။
အခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးမျိုးမင်းဦး လည်း ထွက်ပြေးနေရပြီး တိုင်းဒေသကြီး အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်ကမူ စစ်ကောင်စီဆီထံတွင် လက်မှတ်ထိုးထားပြီး နေအိမ်တွင် ရှိနေသည်ဟု စုံစမ်းသိရသည်။