စစ်ကောင်စီတပ်ကဖမ်းသွားသော ရွာသား အလောင်းကို သေနတ်ဒဏ်ရာနှင့် အတူ တွေ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းနယ် အနောက်ဘက်ပိုင်းမှ အသက် ၄၀ ကျော်ခန့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခဲ့ပြီးနောက်ပိုင်း သေဆုံးလျက်ပြန်လည် တွေ့ရှိရသည်ဟု ရွာသားများက ပြောသည်။

ဒီပဲယင်းနယ်ထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၈ ရက်နေ့တွင် ရောက်ရှိလာပြီး နယ်မြေရှင်းလင်း ရေး လုပ်ဆောင်နေသည့်အတွက် အနီးအနားကျေးရွာများရှိ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရစဉ် အောင်စည်မြေရွာသား ကိုသိန်းထိုက်မှာ အဖမ်းခံလိုက်ရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်များ ထွက်သွားပြီးနောက် ကိုသိန်းထိုက်၏ အလောင်းကို လက်ပြန် ကြိုး တုတ်လျှက် အနေအထား၊ နောက်စေ့တွင်လည်း သေနတ်ဒဏ်ရာနှင့် သေဆုံးလျှက်သား နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရသည်ဟု အောင်စည်မြေကျေးရွာသား တစ်ဦးက ပြောသည်။

ကိုသိန်းထိုက် ဖမ်းမိနောက် လမ်းပြခိုင်းပုံရပြီး ရွာတောင်ဘက် တောစပ်က သစ်ပင်တစ်ပင် အရင်းတွင် လက်ပြန် ကြိုးတုတ်ကာ နောက်စေ့ကို အနီးကပ်ပစ်သွားသည့် ပုံမျိုးတွေ့ရသည်ဟု အောင်စည်မြေ ရွာသားက ပြောသည်။

လမ်းပြခိုင်းခြင်းနှင့် သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ သတင်းနှင့် မီဒီယာ ကွန်ရက်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

အောင်စည်မြေကျေးရွာသား ကိုသိန်းထိုက်တွင် သားသမီး ၆ ဦး ကျန်ရှိသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ဒီပဲယင်းနယ်မြေထဲသို့ ရဟတ်များဖြင့် ဆင်းလာပြီး နယ် မြေရှင်းလင်းရေး လုပ်သဖြင့် ရွာသားများ တိမ်းရှောင်ခဲ့ရပြီး ဝန်းရံ၊ ကုန်းရိုး၊ တပ်တည်အနောက်ကျေးရွာများက နေအိမ်များ၊ နွားတင်းကုတ်များ၊ ဆိုင်ကယ်များ၊ နွားများကို မီးရှို့ခဲ့သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက ရွာသားများပိုင်ဆိုင်သည့် ပစ္စည်းများကိုလည်း ဖျက်ဆီးသွားခြင်း၊ ယူဆောင် သွားခြင်းများလည်း ရှိခဲ့သည်ဟု ဆိုကြသည်။

အောက်တိုဘာ ၁၂ ရက်နေ့တွင် ဒီပဲယင်းနယ်မှတဆင့် ရေဦးနယ်ထဲသို့ ဆက်ဝင်သွား နယ်မြေရှင်းလင်းရေး လုပ် နေသည့် ဒီပဲယင်းနှင့် ရေဦးနယ်မှ ကျေးရွာသား သုံးသောင်းနီးပါး နီးစပ်ရာရွာများနှင့် ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရသည်။