ထားဝယ်ခရိုင်တွင် ဗျူစောထီးဆိုသူ တစ်ဦး ပစ်ခတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ထွက် စွပ်စွဲခံရသူ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး နိုဝင်ဘာလ ၁၂ ရက်နေ့၊ ညနေပိုင်းက ပစ်ခတ်ခံ ရသည်။
ကိုထိုက် ဆိုသူမှာ ကြာအင်းကျေးရွာအုပ်စုရှိ သူရဲတောင်ကျေးရွာနှင့် ကင်းရှေ့ကျေးရွာ ဆက်သွယ်ထားသည့် ကြိုးတံတားပေါ်တွင် သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံရွာသားများက ပြောသည်။
ကြာအင်းရွာသားတစ်ဦးက “သူက ရွာထဲမှာ ထောင်ထောင်နဲ့ လုပ်နေတာ။ စစ်ကောင်စီ သတင်းပေးလို့လည်း လူသိများတယ်။ ပျူစောထီး အဖွဲ့ဝင် တစ်ယောက်ဆိုပြီးလည်း နာမည်ထွက်နေတာ” ဟု ပြောသည်။
ကြိုးတံတားပေါ် ဖြတ်သန်းစဉ် အတူပါလာသည့်အဖေါ်ဖြစ်သူ အမျိုးသား လမ်းဆင်းလျှောက်နေချိန် ကိုထိုက် တစ်ဦးတည်း ဆိုင်ကယ်မောင်းနေစဉ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သတင်းရေးသည့် အချိန်အထိ ယင်းပစ်ခတ်မှုကို မည့်သည့်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကို မသိရသေးပေ။
ဒေသခံရွာသားများ၏ ပြောဆိုချက်အရ သေနတ်ပစ်ခံခဲ့ရသူသည် ဒဏ်ရာများ ရရှိခဲ့သော်လည်း မသေဆုံး သေးဟု သိရသည်။
ယခု နိုဝင်ဘာလ ပထမ ဆယ်ရက်ခန့်အတွင်း ထားဝယ်ခရိုင်တွင် ပျုစောထီးဆိုသူ အမျိုးသား ၂ ဦး၊ သတင်းပေး ဆိုသူ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးခန့် ပစ်ခတ်ခံခဲ့ရသည်။