လောင်းလုံးတွင် ပြည်သူ့စစ်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များ စုစုပေါင်း ၄ ဦး လိုက်ပါလာသည့် ကားတစ်စီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
နိုဝင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်က ရဘဲကျေးရွာနှင့် ဇလွတ်ကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်တင်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
“ပေါက်ကွဲမှုကြောင့် ဦးချစ်စမ်းမောင်ရဲ့ လက်မောင်းမှာ ဒဏ်ရာရရှိခဲ့တယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာ အသီးသီးရသွားလို့ ဆေးရုံကို တင်သွားတယ်” ဟု ရွာသားတစ်ယောက် က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူလိုက်ပါလာသည့် ဦးချစ်စမ်းမောင်ဆိုသူမှာ ကျောက်နီမော်ကျေးရွာတွင် အခြေချ နေထိုင်သူ တစ်ဦးဖြစ်ပြီး စစ်တပ်ကိုထောက်ခံသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
၎င်းတို့သည် လောင်းလုံးမြို့တွင် အစည်းအဝေးသွားတက်ရာမှအပြန် ကျောက်နီမော်ကျေးရွာ မရောက်ခင် လူပြတ်သည့် လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု အသက် ၃၅ နှစ်အရွယ်ခန့်ရှိသူ ဒေသခံရွာသားတစ်ယောက်က ပြောသည်။
မိုင်းဆွဲခံရသည့် နေရာသည် လူပြတ်သည့်နေရာဖြစ်ပြီး ညနေပိုင်းဖြစ်နေ၍ လူသွားလူလာမရှိခြင်းကြောင့် ဖြစ်စဉ်ကို သေသေချာချာ ပြောနိုင်သူမရှိဘူးဟု ရွာသားများက ဆိုသည်။
မိုင်းဆွဲခံရသူများမှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သည့် အတွက် ဆေးရုံတင်ထားရသည်။
ထို့အပြင် မိုင်းဆွဲခံရသည့်ကားပေါ်ပါသွားသူများသည် နိုဝင်ဘာ ၁၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းအထိ ကျေးရွာကို တစ်ဦးတစ်ယောက်မှ ပြန်မရောက်လာကြသေးဟု ကျောက်နီမော်ရွာသား တစ်ဦး က ပြောသည်။
လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်စစ်ကြောင်းများ အားကောင်းခဲ့စဉ် ဦးချစ် စမ်းမောင်၏ သားဖြစ်သူက ကျောက်နီမော်ကျေးရွာ သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ဓားဖြင့်ခုတ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် အသတ်ခံခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာနှင့် မင်းရပ်ကျေးရွာအကြားတွင် ပျူ စောထီးဆိုသူ၏ ကားတစ်စီး မိုင်းဆွဲတိုက်ခံခဲ့ရသေးသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခြင်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF ) က ၎င်းတို့ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ထုတ်ဖော်ဝန်ခံထားသည်။