စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ တောင်ရင်းအင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ် သတ်ခံလိုက်ရသည်ဟု ရွာသားမများက ပြောသည်။

တောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း အသက် ၅၀ နှစ် သည် စက်တင်ဘာ ၇ ရက်နေ့၊ မွန်းလွဲပိုင်း ၁ နာရီ အချိန်ခန့် က သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သိရသည်။

အသက် ၃၅ နှစ် အရွယ် ရွာသားတစ်ဦး က “သူအိမ်ရှေ့ ဆိုင်ကယ် ဖြတ်မောင်းရင်းမှ အိမ်ရှေ့ လူအုံနေလို့ အကျိုး အကြောင်း မေးကြည့်မှ ပစ်ခံရမှန်း သိတာ” ဟု ပြောသည်။

၎င်း၏ နေအိမ်တွင် ရှိနေသည့် ဦးနိုင်ဝင်းကို လူ ၅ ဦး က ဆိုင်ကယ် ၂ စီး ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

သေဆုံးသူ ဦးနိုင်ဝင်းသည် စစ်ကောင်စီ တပ်ဖွဲ့များကို ရံပုံငွေရရှိရန်အတွက် အကျိုးတူ ပူးပေါင်းကာ လောင်း ကစားဝိုင်းများအား ကိုယ်တိုင် ဦးစီး ကျင်းပလေ့ရှိခြင်းကြောင့် ဒေသခံ PDF အဖွဲ့များက အကြိမ်ကြိမ် သတိပေး ခံထားရသူ တစ်ဦးလည်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် စစ်ကောင်စီကို ကျေးရွာထဲက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်များနှင့် ပတ်သက်သည့် သတင်းအချက်လက်များကို ပေးကာ ဖမ်းဆီးခိုင်းခြင်းနှင့် အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်း များလည်း ပြုလုပ်နေသူဖြစ်သည်ဟု သိရသည်။

ယခုနှစ် မတ်လ ၃ ရက်နေ့ ညပိုင်းကလည်း ကံပေါက်ဒေသထဲရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီဝင် စစ်ကောင်စီသတင်းပေး ဦးလှသန်းဆိုသူလည်း ၎င်း၏ခြံအနီးတွင် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။