စစ်တပ်ဖမ်းဆီးသွားသူ ၅ ရက်ကြာအောင် အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ၅ ရက်ခန့်ကြာလာသည်အထိ အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာက အသက် ၅၀ နှစ် အရွယ်၊ ဦးဝင်းဌေး ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့ က ဖမ်းဆီးသွားခဲ့ရာ စက်တင်ဘာလ ၈ ရက်နေ့ အထိ အဆက်အသွယ်မရသေးဘူးဟု မိသားစုဝင်များ က ပြောသည်။

“ဖမ်းသွားတာ လေးရက်ကျော် ရှိနေပြီ။ ရဲစခန်းမေးတော့လည်း သူတို့ဖမ်းတာ မဟုတ်ဘူးပြောတယ်။ စစ်တပ် က ရိုက်နှက် နှိပ်စက်လို့ သေသလား ရှင်နေသေးလား ဘယ်မှာ မှန်းမသိတော့ စိုးရိမ်တယ်” ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က မြင်းကကုန်းရွာတွင် နေထိုင်သူ ဦးဝင်းဌေး ကို ၎င်း၏ နေ အိမ်တွင် လာရောက် ဖမ်းဆီးပြီး အဝီစိတွင်း တူးစဉ်က ပိုကျန်နေသည့် PVC ပိုက်ဖြတ်စ အနည်းငယ်ကို ပါ တွေ့ရှိ သိမ်းဆည်းသွားသည်ဟု သိရသည်။

ဦးဝင်းဌေး ကို ဖမ်းစဉ်က စစ်သား နှင့် ရဲ တပ်ဖွဲ့ အင်အား ၅၀ ခန့်ရှိပြီး အိမ်အတွင်းဘက် နှင့် အိမ်အပြင်ဘက် ရှိ ကျေးရွာထဲမှ အခြားသော အိမ်များကိုလည်း သေနတ်များဖြင့် ချိန်ထားသည့်အတွက် ရွာသားများမှာ အနားပင် မကပ်ရဲကြဘူး ဟု ရွာခံအချို့ က ပြောသည်။

ဖမ်းဆီးခံရသည့် ဦးဝင်းဌေး သည် ကျေးရွာအတွင်းက စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး NLD ပါတီ ထောက် ခံအားပေးသူ ဖြစ်သော်လည်း နိုင်ငံရေးတွင် ထဲထဲဝင်ဝင်ဝင် ပါဝင်လှုပ်ရှားသူ မဟုတ်ဘူးဟု ဒေသခံ NLD ပါတီ ဝင်များ၏ ပြောပြချက်အရ သိရသည်။

“သူက နိုင်ငံမှာ ထဲထဲဝင်ဝင် လှုပ်ရှားသူလည်း မဟုတ်ဘူး။ ဒါပေမယ့် စီးပွားပြိုင်က စစ်တပ်နဲ့ ပနာရတဲ့သူဗျ။ နောက်ပြီး ဦးဝင်းဌေးက ပြေလည်တော့ တပ်က ငွေညှစ်ချင်လည်း ဖြစ်နိုင်တယ်” ဟု မြင်းကကုန်းရွာက ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ဖျာပုံမြို့နယ် နှင့် မအူပင်မြို့နယ်က ဒေသခံ ၁၉ ဦးကို စစ်ကာင်စီ တပ်ဖွဲ့ဝင်များက PDF များဟု စွပ်စွဲ ဖမ်းဆီးထားသည်ဟု သိရသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်အချို့မှာ စက်တင်ဘာ လဆန်းပိုင်းတွင် ရန်ကုန် တိုင်း၊ အလုံမြို့ နယ်အတွင်း ပစ်ခတ်ဖမ်းဆီးခံရသည်များလည်း ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။