ဗန်းမောက်တွင် ဓါတုလက်နက် ဟု ယူဆသော လက်နက်များ အသုံးပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ပေါက်ကွဲပြီးနောက် အနီးအနားက ဒေသခံရွာသားများ မူးဝေအော့အန် မှုများ ဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ တပ်မ ၇၇ က ဗန်းမောက်အနောက်ခြမ်းရှိ မံစီကြီးကျေးရွာဘက်သို့ ၄၀ မမ ဗုံးသီး ကျည်များဖြင့် ပစ်ခတ်ပြီးနောက် အနီးအနားကျေးရွာက ဒေသခံရွာသားများ မူးဝေအော့အန်ကာ အစာပင် မစား နိုင်သည့် အခြေအနေမျိုး ဖြစ်ကုန်ကြသည်ဟု ပြောသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “သူတို့ ပစ်ခတ်တာလေ။ ၄၀ ဆိုလား ဘာလား အဲ့ဒါ ပစ်ခဲ့တော့ အငွေ့တွေ ဘာ တွေထွက်ခဲ့တာ။ တအားနံတာတဲ့။ နှစ်ရက်လောက် ခေါင်းမူးတယ်တဲ့။ ဗန်းမောက် အနောက်ဘက်ခြမ်း နောင် ကွတ်၊ မံစီကြီးကနေပြီးတော့ပေါ့။ ကလေးတွေဆို ထမင်းလည်း မစားရဘူး။ လူကြီးတွေလည်း ပြေးနေရတာ။ စစ်ကြောင်းကလည်း ထိုးနေပြန်တာပါ့” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ တပ်မ ၇၇ တပ်သည် ဧပြီလ ၈ ရက်နေ့မှ စတင်၍ ဗန်းမောက်မြို့နယ်၊ မံစီကြီးကျေး ရွာဘက်သို့ စစ်ကြောင်းထိုးလာနေခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းက ပစ်ခတ်လိုက်သည့် ၄၀ မမ ဗုံးသီးကျည်များ ပေါက်ကွဲပြီး အငွေ့များထွက်လာချိန် ရှူ ရှိုက်မိသူတိုင်း မူးဝေခြင်း၊ အော့အန်ခြင်းများအပြင် ထမင်းပင် ၂ နှစ်ရက်ခန့် မစားနိုင်သည့် အခြေအနေမျိုးများ ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။
ထို့ကြောင့် ဒေသခံ အချို့က စစ်ကောင်စီတပ်သည် ဓာတုငွေ့ပါသည့် လက်နက်များ အသုံးပြုနေခြင်း ဖြစ်နိုင် သည်ဟု ပြောဆိုနေကြသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် အဆိုပါ ကိစ္စအား အတည် မပြုနိုင်သေးပေ။
ဗန်းမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေသည့်အပြင် အင်းတော်ဒေသဘက် သို့လည်း စစ်ကြောင်းထိုး ဝင်ရောက်နေသည်ဟု အင်းတော် ဒေသခံများက ပြောသည်။
အင်းတော် ဒေသခံတစ်ဦးက “ဒီအင်းတော်နဲ့ ပေပင်၊ ဒီဘက်ကဆို အင်းတော်နဲ့ပေပင်၊ ဒီဘက်ကိုဆို သက်ကယ် ပြင် လမ်းဆုံပေါ့ အဲ့ဒီက အင်ပင်တောထဲမှာလေ စစ်သားတွေရှိနေတယ်။ စစ်သားတွေက အဝတ်အစားကိုတော့ PDF အဝတ်အစားနဲ့၊ သေနတ်တွေက စစ်သားတွေသုံးတဲ့ သေနတ်တွေနဲ့တဲ့။ နောက်ပြီး တချို့က KIA အဝတ် အစားတွေနဲ့တဲ့ ရွာသားတွေ တွေ့လာတာ” ဟု ပြောသည်။
အင်းတော် ဒေသခံများ၏ ပြောပြချက်အရ အင်းတော်-ဗန်းမောက်ကြားရှိ နန့်သာအောင်ကုန်းဘက်တွင် စစ် ကောင်စီ လက်အောက်ခံ တပ်သားများက KIA နှင့် PDF ဝတ်စုံများ ဝတ်ဆင်ပြီး လှုပ်ရှားသွားလာနေသည်ဟု ဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံ PDF တပ်ဖွဲ့ဝင်များကို ဆက်သွယ် အတည်ပြုခဲ့သော်လည်း မရသေးပေ။
ဒေသခံများ၏ ပြောပြချက်အရ အင်းတော်-ဗန်းမောက်ကြားတွင် စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း မရှိသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် လူထုနေထိုင် သည့် ကျေးရွာများဘက်ကို ပစ်ခတ်ခြင်း၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ခြင်း အပြင် စစ်ကြောင်းထိုး ဝင်ရောက် လာမှုများ ရှိနေသည်ဟု သိရသည်။