စစ်ကောင်စီနှင့် ပူးပေါင်းသော အဖွဲ့များကို တိုက်ခိုက်မည်ဟု ပအိုဝ်းတော်လှန်ရေးအဖွဲ့များ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်။
စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေသည့် မည်သည့် အဖွဲ့အစည်းကို မဆို တွန်းလှန် တိုက်ခိုက်သွားမည်ဟု ပအိုဝ်းတော်လှန်ရေး အင်အားစုများက ပြောဆိုလိုက်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO အပါအဝင် အာဏာရှင် နှင့် ပူးပေါင်းသည့် မည်သည့် အဖွဲ့အစည်းကိုမဆို တွန်းလှန် တိုက်ခိုက်သွားမည်ဟု ပအိုဝ်းအမျိုးသား ကာကွယ်ရေး တပ် (PNDF-KK) မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ကျနော်တို့ကတော့ ရှင်းရှင်းပဲ။ ကျနော်တို့ လုပ်စရာ ရှိတာ လုပ်မှာပဲ။ အဓိကက ကျနော်တို့ လုပ်နေတာက အာ ဏာရှင် တိုက်ထုတ် တာပဲဆိုတော့ အာဏာရှင် တိုက်ထုတ်တဲ့အတွက် အာဏာရှင်နဲ့ ပါလာတဲ့ ဘယ်သူ့ကိုမဆို အာဏာရှင်နဲ့ ပါလာရင် အာဏာရှင်ပဲလေ ကျနော်တို့ကတော့ အာဏာရှင်ကို တိုက်တာပဲ ဘယ်သူ့ကို တိုက်နေ တာ မဟုတ်ဘူး ကျနော်တို့ တိုက်နေတာက အာဏာရှင်ပဲ။”
ယခုပြောဆိုချက်မှာ အဓိကအားဖြင့် ပအိုဝ်း လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့တိုက်ခိုက်ရာတွင် ပအိုဝ်းလူမျိုးစု အချင်းချင်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ အာဏာရှင်ကိုသာ ဦးတည် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု (PNDF-KK) မှ ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။
“ကျနော်တို့ လုပ်စရာရှိတာလုပ်မှာပဲ ကျနော်တို့ လုပ်ရမှာက ကျနော်တို့ အာဏာရှင်ကို တိုက် မယ်။ ကျနော်တို့ လိုချင်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု။ ကျနော်တို့ အာဏာရှင်ကို တိုက်မယ် ဒါပဲ အာဏာရှင် ပြုတ်ကျရေး အတွက် ကျနော်တို့က အခုတိုက်နေတာ ကျနော်တို့ လိုချင်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီကိုပဲ သွားနေ တယ်။ ဒါပဲ ကျနော်တို့ဆက်လုပ် ရမှာက အာဏာရှင်ကို ကျနော်တို့ တိုက်ထုတ်ဖို့ပဲ။”
ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ PNDF သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါ်လာခဲ့သည့် ပအိုဝ်း လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။
တစ်ဖက်တွင်လည်း လူထုထောက်ခံမှု ရရှိနေသည့် ပအိုဝ်းတော်လှန်ရေး အဖွဲ့အစည်းများကို တန်ပြန်သည့် အနေ ဖြင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNO သည် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲမှ တစ်ဆင့် လူထု ထောက်ခံမှု ပိုမိုရရှိအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ( PNFC ) ဥက္ကဌ ခွန်မြင့်ထွန်းကမူ “လူထုက မဲပေးရမယ့် အချိန်မှာ မဲပေး တယ်။ အသေခံပြီး တိုက်ရမယ့် အချိန်မှာ တိုက်တယ်။ ဒီကိစ္စရပ်တွေဟာ မိမိတို့ ရပ်တည်ရတဲ့ ပုံသဏ္ဍာန်တွေ အပေါ်မှာ မူတည်ပြီးတော့ စကားပြောကြရတာ ဖြစ်တယ်။ ဒါ ကြောင့် ကျနော်တို့မှာ ဘယ်သူက ဘယ်လိုသာ သွားလိမ့်မယ် ဆိုတာမျိုး မဟုတ်ဘူး။ ကျနော်တို့ကတော့ အမျိုးသားရေး လုပ်အားနဲ့ ဒီမိုကရေစီ လုပ်အား ယှဉ် ပြိုင်မှုကို လက်ခံတယ်။ ခုနားကလို သူ့ဘက်ကလူ ဘယ်လောက် များသွားတယ်။ ကိုယ့်ဘက်ကလူ ဘယ် လောက် နည်းသွားတယ်ဆိုတဲ့ နိုင်ငံရေး ဈေးတွက်ကိုတော့ ကျနော်တို့ မစဉ်းစားဘူး။ အရေးကြီးတာက မိမိတို့ ရည်မှန်းချက်ကို လုပ်နေဖို့ လိုတယ်။ လူထုက သူ့ဟာနဲ့သူ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ပြောသည်။
PNFC အဖွဲ့သည် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန်၊ စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရန်၊ အမျိုး သားလွတ်မြောက်ရေး၊ တော်လှန်ရေးအတွက် အထောက်အကူဖြစ်ရန် ရည်ရွယ်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ပအိုဝ်းလူထု အကြားတွင်လည်း အတိုင်းအတာ တစ်ခုအထိ ထောက်ခံမှု ရရှိထားသည့် အဖွဲ့ ဖြစ်သည်။
PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပအိုဝ်းအမျိုးသား ဖက်ဒရယ် ညီလာခံအပြီးတွင် အာဏာရှင်စနစ် အမျိုးမျိုးကို တော်လှန်ရန် ဖွဲစည်းခဲ့ပြီး လက်ရှိ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ထဲတွင် ပါဝင်လျက် ရှိသည်။