စစ်အရာရှိများ ပစ်သတ်ခံရသည့် KTV ရှေ့တွင် လူငယ်နှစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်။
မကြာသေးခင်က စစ်ကောင်စီ အရာရှိများ ပစ်သတ်ခံခဲ့ရသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်ရှိ Happy KTV ရှေ့ လမ်းဘေးနေရာတစ်ခုတွင် လူငယ်နှစ်ဦး ပစ်သတ်ခံထားရသည်ဟု ဒေသခံများ က ပြောသည်။
ဧပြီလ ၂၄ ရက်နေ့၊ နံနက်စောစောအချိန် Happy KTV ရှေ့ လမ်းဘေးနေရာတွင် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် က ပစ်သတ်ခဲ့ပြီး အလောင်းကို ပစ်ထားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ အမျိူးသား တစ်ယောက်က “ဒီမနက်ကလဲ ထောင်က ဖမ်းဆီးချုပ်နှောင်ထားတဲ့ သူတွေကို သွား ခေါ်ပြီး Happy KTV ရှေ့မှာ လာသတ်ပြီး ထားခဲ့တယ်” ပြောသည်။
အသတ်ခံရသူ ၂ ဦးမှာ PDF များ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။ ၎င်းတို့နှစ်ဦးကို ဧပြီလ ၂၃ ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး လုံးခင်း-မဇွပ်ယန် အချုပ်ထောင်တွင် ချုပ်နှောင်ဖမ်းဆီးထား ခြင်း ဖြစ်သည်ဟု ဖားကန့် ဒေသခံက ဆိုသည်။
အဆိုပါ အဖြစ်အပျက် မတိုင်ခင်က အစောပိုင်းတွင် Happy KTV အတွင်း လာရောက်စားသောက်နေကြသည့် စစ်ကောင်စီတပ်က ဗိုလ်မှူးဇော်မောင် အပါအဝင် လူငါးဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လာ ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုပစ်ခတ်ခံရမှုထဲ ဗိုလ်မှူးဇော်မောင်နှင့်အတူ ကျောက်မျက်လုပ်ငန်းရှင် အမျိုးသား ၂ ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်။
အဆိုပါ အဖြစ်အပျက်အပေါ်မှာ အခြေခံ၍ ယခု လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်က လက်တုန့်ပြန် ဖမ်း ဆီးပြီး ယခုကဲ့သို့ ပစ်သတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
ဒေသခံ တစ်ဦးက “ဖြစ်စဉ်က မနေ့က မနက်ပိုင်းလောက်မှာ သူတို့က မရှီကထောင့် Happy KTV မှာ သောက်ကြ ပျော်ကြနေချိန် PDF တွေ လာရောက်တိုက်ခိုက် သွားကြတာ။ ဒါက သိတဲ့အတိုင်း သတင်းမှာလည်း တွေ့ခဲ့ပြီးပြီ ထင်တယ်။ အဲ့ဒါကို သူတို့က သူတို့ရဲ့အထက်ကို သူတို့ လက်တုံ့ပြန်ပြီးပြီဆိုတဲ့ သတင်းအမှား ပို့ချင်လို့၊ ဖြန့်ဝေ ချင်လို့ ထောင်ကလူတွေကို ဒီမနက်က ခေါ်ထုတ်ပြီး KTV ရှေ့မှာ လာသတ်ထားခဲ့တာ ဖြစ်မယ်” ဟု ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကြောင့် ဖားကန့်မြို့နယ်ထဲတွင် ဒေသခံများသည် နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို မကြာခဏ ခံနေရသည့်အတွက် အဖက်ဖက်က စိုးရိမ်ကြောက်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် လက်ရှိဖားကန့်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား စစ်ရေး တင်းမာ မှုများ ရှိနေပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။