လုပ်ကြံမှုတွင် စစ်မှုထမ်းဟောင်းတစ်ဦးနှင့် မိသားစုဝင် နှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်။
သန်လျင် လုပ်ကြံသတ်ဖြတ်မှုတွင် လေတပ်အရာရှိ လွတ်မြောက်သွားပြီး စစ်မှုထမ်းဟောင်း တစ်ဦးနှင့် မိသားစု ဝင် ၂ ဦးသေဆုံးသွားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်း၊ အမှတ် ၃၆ နေအိမ်တွင် စစ်မှုထမ်းဟောင်း တစ်ဦးနှင့်အတူ မိသားစုဝင် ၂ ဦး လုပ်ကြံသတ်ဖြတ်ခံရသည်ဟု ရန်ကုန်တိုင်း သတင်းအရင်း အမြစ်များ က ပြောသည်။
သေဆုံးသူ စစ်မှူထမ်းဟောင်းနှင့် နီးစပ်သူ တစ်ဦးက “လာပစ်တာတော့ အကြီးတစ်ယောက်ကို လာပစ်တာ။ ညီ အစ်ကို ၂ ယောက်က ရုပ်ချင်းဆင်တော့ မှားပစ်တာလား မသိဘူး။ ကျန်တဲ့ ၂ ယောက်က တစ်နေရာထဲ ထိုင်နေ တော့ ပါသွားတာ။ သူကတော့ အငြိမ်းစားယူပြီးကတည်းက အေးဆေးပါပဲ။ နိုင်ငံရေးလည်း မလုပ်ပါဘူး” ဟု ပြောသည်။
သေဆုံးသူ စစ်မှုထမ်းဟောင်းမှာ အသက် ၄၈ နှစ်အရွယ် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးအောင်ညီထွန်း ဖြစ် ပြီး အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၎င်း၏ ဦးလေးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်သိန်းနှင့် ယောက်ဖဖြစ်သူ အသက် ၅၃ နှစ် အရွယ် ဦးအောင်မျိုးဆွေတို့မှာ သန်လျင်ရေတပ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခြင်း ဖြစ်သည်ဟု ဆို သည်။
နီးစပ်သူ တစ်ဦးက “သူ့ ဦးလေးက ကျောင်းဆရာ။ ထ ၂ က Non- CDM ဝန်ထမ်း။ CDM မလုပ်တာကလွဲရင် ထွေထူးပြီး စစ်တပ်နဲ့ ပတ်သက်နေတာ မရှိဘူး။ သူ့ယောက်ဖကလည်း ဆောက်လုပ်ရေး ကန်ထရိုက် လုပ်နေ တာ။ လေတပ်က သူ့အကိုက အိမ်မလာတာ တော်တော်ကြာပြီပြောတယ်။ ဒီအဏာသိမ်းပြီး ကတည်းက ဆိုပါ တော့” ဟု ဆက်ပြောသည်။
ဧပြီလ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်က ၎င်းတို့ ၃ ဦး နေအိမ်ထဲ၌ ဝိုင်းဖွဲ့ စကားပြောနေကြစဉ် အမည်မသိ လက်နက်ကိုင် အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီးနောက် ပစ္စတို သေနတ်တို့ဖြင့် လာရောက် ပစ်ခတ်သွားခြင်း ဖြစ်သည်။
သေဆုံးသူများအနက် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးအောင်ညီထွန်းသည် လွန်ခဲ့သည့် ၇ နှစ်ကျော်ကတည်း က ကျန်းမာရေး အခြေအနေအရ အငြိမ်းစားပင်စင် ယူထားသူဖြစ်ပြီး ၎င်း၏ အစ်ကိုဖြစ်သူ ဦးကျော်စွာထွန်းမှာ လက်ရှိ မင်္ဂလာဒုံလေတပ် စစ်လက်နက် ပစ္စည်းထောက်ပံ့ရေး(လပစ)တွင် တာဝန်ထမ်းဆောင်နေသည်ဟု သိရသည်။
သို့ဖြစ်ရာ ၎င်းတို့ ညီအကို ၂ ဦးမှာ ရုပ်ချင်း အနည်းငယ် ဆင်တူသောကြောင့် လူမှား၍ ပစ်ခတ်ခံရခြင်း ဖြစ်နိုင် သည်ဟု ရပ်ကွက်နေပြည်သူများက သုံးသပ် ပြောဆိုသည်။ လက်ရှိအချိန်ထိ အစ်ကိုဖြစ်သူ မင်္ဂလာဒုံလေတပ် စစ်လက်နက် ပစ္စည်းထောက်ပံ့ရေး(လပစ)တွင် တာဝန်ထမ်းဆောင်နေသည့် ဦးကျော်စွာထွန်းမှာ လွတ်မြောက် နေသေးသည်ဟု ဒေသခံအချို့က အတည်ပြုပြောသည်။
အဆိုပါ ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သားများက ထန်းပင်ကုန်းရပ်ကွက်အား လမ်းနေရာတိုင်းတွင် ပိတ်ဆို့ စစ်ဆေးခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ ညနေ ၄ နာရီကျော်မှ ပြန်ဖွင့်ပေးသည်ဟု ဆိုသည်။ ထိုသို့ စစ်ဆေးရာတွင် လည်း လူငယ်ပိုင်း အမျိုးသားများအား အဓိကထားပြီး လက်ကိုင်ဖုန်းထဲရှိ Gallery (ဓါတ်ပုံပြခန်း)နှင့် Facebook (လူမှုကွန်ယက်စာမျက်နှာ)အကောင့်ကို အဓိကထား စစ်ဆေးခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။
“ဖုန်းတွေ စစ်မယ်ဆိုတော့ ချက်ချင်း မျက်နှာ ပျက်သွားကြတာပေါ့။ အဲဒီမှာ သူတို့ထဲက တစ်ယောက်က သေ နတ်မောင်းတင် ချိန်ထားပြီး မင်းမကျေနပ်ဘူးလား သေချင်လို့လားလို့ ခြိမ်းခြောက်တာ။ ဖုန်းထဲတခုခုတွေ့တဲ့ ၂ ယောက်ကိုတော့ ဆွဲခေါ်သွားတယ်။”
ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့ပြပြောက်ကျား (UG) တပ်ဖွဲ့များစွာ စစ်ရေးလှုပ်ရှားလျက်ရှိနေသော်လည်း ယခု ပစ်ခတ်မှုအား မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ချေ။
အလားတူ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံ အနီး တွင် ဥပဒေအကြံပေး ဦးမင်းတေဇာညွှန့် လုပ်ကြံသတ်ဖြတ်ခံရပြီး ယခုချိန်အထိ တရားခံလက်သည် မပေါ်သေး ဘူးဟု ဒေသခံများက ဆိုသည်။