စစ်မှုထမ်းဟောင်းနှင့် ရဲဝန်ထမ်းဟောင်း အပါအဝင် လူ ၃ ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်။
လောင်းလုံးမြို့နယ်တွင် စစ်မှုထမ်းဟောင်းတစ်ဦး နှင့် ရဲဝန်ထမ်းဟောင်း အပါအဝင် အမျိုးသား ၃ ဦး သေနတ် ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ လက်ကိုင်တုတ် စစ်မှုထမ်းဟောင်း ထောက်လှမ်းရေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – LLPDFက ထုတ်ပြန်ထားသည်။
LLPDF ပြန်ကြားရေး တာဝန်ရှိသူက “သူ့ဆီကို PDF တွေလာဖမ်းပြီလို့ သိတာနဲ့ အဖမ်းမခံဘဲ ထွက်ပြေးတာ အနောက်က လိုက်ပြီး ပစ်ဖမ်းတာ လမ်းပေါ်မှာပဲသေသွားတယ်။ သူ့ဆီက စစ်ကောင်စီ ရေတပ် လက်နက်ကြီး ပစ်ဖို့ တည်နေရာလို့ ယူဆရတဲ့ မြေပုံအပိုင်းအစ စာရွက်သိမ်းဆည်းရမိခဲ့တယ်။ မြေပြင်တိုက်ဆိုင် စစ်ဆေး ကြည့်တာ အဲ့ဒီနေရာကို ရေတပ်က လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်ထားတဲ့ နေရာဖြစ်နေတယ်” ဟု ပြော သည်။
ပစ်ခတ်ရှင်းလင်းခံရသူမှာ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ အုပ်စု ကျောက်ပုံကျေးရွာနေ စစ်မှုထမ်း ဟောင်း ကိုဇော်လင်းဆိုသူဖြစ်သည်ဟု ဆိုသည်။
ကိုဇော်လင်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၁) အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထား ရေး တပ်မှ ကိုယ်ပိုင် အမှတ် တ – ၃၂၁၂၃၂၊ ဒု-တပ်ကြပ်၊ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး စစ်ကောင်စီအတွက် သတင်းများ ထောက်လှမ်းပေးနေသူဟုလည်း ဖေါ်ပြထားသည်။
ဧရာဝတီတိုင်း မအူပင်ဇာတိဖွား ကိုဇော်လင်းသည် သကျက်တော ရဲစခန်းတွင် ရှိနေချိန်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရောထွေးသွားလာပြီး ပြည်သူများအား သတင်းပေးတိုင်ကြားမှုများ ရှိနေခြင်းကြောင့် PDF တပ် ဖွဲ့များက အကြိမ်ကြိမ် စာပို့ သတိပေးခဲ့သော်လည်း ဆက်လက်လုပ်ကိုင်နေတာကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်း လင်းရခြင်းဖြစ်သည် ဟု ထုတ်ပြန်ထားသည်။
ကိုဇော်လင်းအား ဧပြီ ၂၁ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက် အမှတ် ၁၀၉/၂၀၂၃ ဖြင့် ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးရာများတွင် ဆက်လက်လိုက်ပါလျက်ရှိနေပြီး လောင်းလုံးမြို့နယ် အတွင်းရှိ PDF စခန်းတည်နေရာများအား လိုက်လံ စုံစမ်းထောက်လှမ်းကာ သတင်းပေးပို့မှုများ ရှိနေသည်ဟု LLPDF ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
ဧပြီလ ၂၃ ရက်နေ့ ညကလည်း သာယာကုန်းကျေးရွာမှ ရဲဝန်ထမ်းအငြိမ်းစား ဦးလှကြိုင် အသက် ၆၃ နှစ် ဆိုသူ နှင့် ကမြောကြီးကျေးရွာမှ သုံးဘီးမောင်းသူ ဦးအေးခိုင် အသက် ၄၀ နှစ်တို့ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားသူ ဦးလှကြိုင်၏ အလောင်းကို ဧပြီလ ၂၄ ရက်နေ့၊ နံနက်ပိုင်း တွင် အရေးပေါ် လူနာတင်ကားဖြင့် ထားဝယ်ဆေးရုံကြီးသို့ သယ်ဆောင်သွားကြသည်။
ရဲဝန်ထမ်းဟောင်း ဦးလှကြိုင်နှင့် ဦးအေးခိုင်တို့အား ပစ်ခတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဧပြီလ ၂၄ ရက်နေ့၊ ည ၇ နာရီ အချိန်ထိ မည်သည့်အဖွဲ့အစည်းမှ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ကြေငြာထားခြင်းမျိုး မရှိသေးပေ။