ရွာသားများကို ဖမ်းရန်လာသည့် စစ်ကောင်စီ တပ် မိုင်းဆွဲ တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်။

သရက်ချောင်းမြို့နယ်တွင် ရွာသားများကို လာဖမ်းစစ်ဆေးသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။

ကျေးရွာသား ၂၀ ကျော်ကို ဝင်ဖမ်းဆီးစစ်ဆေးပြီး ပြန်ထွက်လာသည့် စစ်ကြောင်းတစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရခြင်း ဖြစ်သည်ဟု ရွာသားက ပြောကြားသည်။

ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်က သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာကို ရောက်ရှိလာပြီး ရွာလမ်း တလျှောက် တွေ့သမျှ အမျိုးသားများကို ဖမ်းဆီးပြီး ကျေးရွာ ဘုန်းကြီးကျောင်းထဲတွင် ၂ နာရီကျော် ဖမ်းဆီး စစ်ဆေးခဲ့သည့် စစ်ကြာင်းဖြစ်သည် ဟု ရွာသားတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသည့် ရွာသားအယောက် ၂၀ ကျော်ကို နံနက် ၉ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း နှစ်ဦးကိုမူ လမ်းပြအဖြစ် စစ်ကောင်စီတပ်က ခေါ်ဆောင်သွားခဲ့သည်။

ဝဲရစ်ရွာမှ ပြန်ထွက်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့အား ရွာသင်္ချိုင်းနား အရောက်၌ PDF တပ်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိနစ်အနည်းငယ်ကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု ရွာသားများက ဆို သည်။

ထို့သို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားနှစ်ဦး ကို ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်များက အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံး မှုများရှိခဲ့နိုင်ပြီး အရေအတွက်ကိုမူ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ပြန်ကြားရေးတာဝန်ရှိသူ က ပြောသည်။

အသက် ၅၀ ခန့်ရွာသားတစ်ဦးက “ဂျိမ်းဆို အသံတချက်ကြားလိုက်ရပြီးတာနဲ့ သေနတ်သံတွေကြားတာပါပဲ၊ တိုက်ပွဲဖြစ်တဲ့နေရာက ရွာနဲ့ ဝဲရစ်နဲ့ သိမ်ကုန်းကြားက လယ်ကွင်းပြင်နားမှာပါ” ဟု ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့က စုံစင်ဖျားကျေးရွာ မီးသတ်ရုံးတွင်လက်ရှိ တပ်စွဲထား သည်ဟု ၎င်းပြောဆိုသည်။

ဝဲရစ် ရွာသားများကို လိုက်လံဖမ်းဆီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဧပြီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက လည်း ဝဲရစ်ကျေးရွာနှင့် တစ်ရွာသာခြားသည့် ရငဲကျေးရွာမှ ရွာသား ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့သည့် တပ်များဖြစ် သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်မှ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့သည့် ရငဲရွာသားများကို ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဆို သည်။

ဝဲရစ်ကျေးရွာနှင့် ကပ်လျက် သိမ်ကုန်းကျေးရွာ ရေတံခွန်အနီးတွင်လည်း စစ်ကောင်စီတပ်များ မကြာခဏ မိုင်း ဆွဲတိုက်ခိုက်ခံရလေ့ ရှိသည်။

သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာမှ ဝင်းဝကျေးရွာအတွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ် ကောင်စီတပ် ကားများ အသွားအလာရှိနေသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် အထူး သတိထား သွား လာကြရန်နှင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေး ထုတ်ပြန်ထား သည်။