သရက်ချောင်း စစ်ဆေးရေးဂိတ် တိုက်ခံရ၊ စစ်ကောင်စီ အရာရှိတစ်ဦး သေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်။

သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ထပ်မံ တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦး သေဆုံး ခဲ့သည့်အပြင် နှစ်ဘက်လုံးတွင် ထိခိုက်မှုများရှိနေသည်။

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရပြီး စစ်တပ်နှင့် PDF ပူးပေါင်းတပ်တို့အကြား အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ နှစ်ဘက်လုံးတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဒေသခံများမှာ ဘေးလွတ်ရာ သို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

အသက် ၃၅ နှစ်အရွယ် မောင်မယ်ရှောင်ကျေးရွာသားတစ်ဦး က “တဂျိမ်း ဂျိမ်းနဲ့ လက်နက်ကြီးတွေနဲ့ နှစ်ဘက် လုံးပစ်နေကြတာ ရွာထဲက အိမ်တွေကိုပါ လာစင်တယ်၊ PDF တွေ ပြန်ဆုတ်သွားပြီးတာတောင် ပစ်နေတုန်းပဲ” ဟု ပြောသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ နှင့် ဒရုန်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ် ကြောင်း သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း စနိုက်ဘာ ထိမှန်ခြင်းကြောင့် စစ်ကောင်စီအရာရှိ ၁ ဦး အပါအဝင် ၁၀ ဦးကျော်ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားနိုင်သည်ဟု တာဝန်ရှိသူ က ဆိုသည်။

ထားဝယ်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မောင်မယ်ရှောင်ကျေးရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဧပြီ ၂၃ ရက်နေ့၊ နံနက် ၅ နာရီခွဲအချိန်ခန့်က PDF ပူးတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်အထိ နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံများ ကြားနေခဲ့ရသည်ဟု ဒေသခံများက ဆို သည်။

ပြည်သူ့ ကာကွယ်ရေးတပ်များက ဘုရားမဲ စစ်ဆေးရေးဂိတ်ကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့ကလည်း တိုက်ခိုက်ခြင်းခံခဲ့ရသေးသည်ဟု ဆိုသည်။

စစ်တပ်ဘက်က သေဆုံးမှုများ ရှိခဲ့သည့်သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ သေဆုံးသူ မရှိခဲ့ ဘဲ၊ ထိခိုက်ဒဏ်ရာရသူ (မစိုးရိမ်ရ) ၁ဝ ဦးကျော် နှင့် ၇၉ ကျည်ထိမှန်သဖြင့် စိုးရိမ်ရသူ ၁ ဦး ရှိခဲ့သော်လည်း
အဆိုပါ တိုက်ပွဲထဲမှ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဥယျာဥ်ခြံတစ်ခြံထဲ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်စစင်ပြီး ခါးစောင်းထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သေး သည်ဟု ရွာသားများက ပြောသည်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများကို စစ်ကားကြီး ၂ စီးနှင့် အရေးပေါ်လူနာတင် ကား ၂ စီး တို့ဖြင့် ထားဝယ်ဘက်သို့ သယ်ယူသွားသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဧပြီလ ၂၃ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်အထိ သေနတ်ပစ်ခတ်သံ အချို့ကို ကြားနေရပြီး လမ်းကို ပိတ်ဆို့ထားခြင်းကြောင့် ထားဝယ်- ရန်ကုန်သွား ခရီးသည်တင်ကား အများအပြား ပိတ်မိခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်ဟု ကားမောင်းသမားများက ပြောသည်။

လက်ရှိတွင် မောင်မယ်ရှောင်ကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ကူ အင်အားဖြည့် ထပ်မံရောက်ရှိ နေပြီး ဧပြီ ၂၄ ရက် နံနက်ပိုင်းအချိန်ထိ ရွာသားများမှာ နေအိမ်အသီးသီးသို့ မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

ဘုရားမဲစစ်ဆေးရေးဂိတ်သည် စစ်အာဏာသိမ်းပြီးနောက် အခိုင်အမာဖြင့် အသစ်ဆောက်လုပ်ထားခြင်း ဖြစ်ကာ လမ်းသွားလမ်းလာများနှင့် ခရီးသည်တင်ကားများကို စစ်ဆေးကာ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသည့် နေရာတစ်ခုလည်း ဖြစ်သည်။