အိမ်စီးကား ဗုံးကွဲ။ လူနှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်။
မြိတ်တွင် အိမ်စီးကားတစ်စီး မောင်းနှင်လာစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကားပေါ်ပါလာသူ ၂ ဦး ပွဲချင်းပြီး သေဆုံး သွားသည်ဟု မြို့ခံများကပြောသည်။
မြိတ်မြို့၊ ကန်ဖျားလမ်းမကြီးရှိ ဦးမြတ်လေးပန်းခြံအနီး ဧမာနွေလ ခရစ်ယာန် ဘုရားကျောင်းရှေ့တွင် ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က ပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် မျက်မြင်တွေ့ခဲ့သူ အမျိုးသားတစ်ဦးက “ဂျိမ်းဆိုပြီး လမ်းမအလယ်မှာ မောင်းနေရင်း ထပေါက်ကွဲတာ၊ ကားဘီးပါပေါက်သွားတယ်၊ ပြီးမှ နောက်ပြန်လှိမ့်ပြီး လမ်းဘေး ပလက်ဖောင်းပေါ် ရောက် သွားတာ။ မောင်းသမားက ကားလက်ကိုင်ခွေမှာ မှောက်ပြီးသေနေတယ်” ဟု ပြောသည်။
ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုအတွင်း လူနှစ်ဦး ပွဲချင်း ပြီး သေဆုံးခဲ့သည့်အပြင် ကားလည်း ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ်ဘက်မှ ကန်ဖျားလမ်းဆုံဘက်သို့ မောင်းနှင်လာသည့် ဟွန်ဒါဖစ် မီးခိုးရောင်ကားတစ်စီးပေါ် ပေါက်ကွဲခဲ့ခြင်းကြောင့် ဒေါ်မေကဗျာ အသက် ၃၈ နှစ်နှင့် ဦးဝင်းဆွေ အသက် ၄၅ နှစ်တို့ သေဆုံးသွားခြင်း ဖြစ် သည်ဟု အခင်းဖြစ်ပွားခဲ့သည့် နေရာအနီးရှိ မြိတ်ခရိုင် ကညနရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသည် လူနေရပ်ကွက်များနှင့် အနည်းငယ်ဝေးကွာပြီး အနီးဝန်းကျင်၌ စစ်ကောင်စီလက်အောက်ခံ အစိုးရ ဌာနဆိုင်ရာ ရုံးများရှိနေသည်ဟု ဆိုကြသည်။
မြိတ်မြို့နယ်စည်ပင်သာယာရေးရုံး ၊ မြိတ်ခရိုင် ကညနရုံး၊ မြိတ်ခရိုင်ယာဉ် စည်းကမ်းထိန်းသိမ်းရေးရုံးနှင့် အသက်အာမခံရုံး စသည့် ဌာနဆိုင်ရာရုံးများနှင့် ဦးမြတ်လေးပန်းခြံတို့ ရှိသည်။
ကားပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအနီးသို့ ကားအဖြူတစ်စီး ချက်ခြင်းရောက်ရှိလာပြီး သေနတ်တစ်ချက် မိုးပေါ်ထောင်ပစ်ကာ ကန်ဖျားဘက်မောင်းပြေးသွားသည်ဟုလည်း ဆိုသည်။
သေဆုံးသွားသူနှစ်ဦးမှာ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုနေကြ သော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ လမ်းအချို့ကို ပိတ်ဆို့ကာ လမ်း သွားလမ်းလာများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု မြို့နယ်စည်ပင်ရုံးဝန်ထမ်းများက ဆိုသည်။