ဆန်ကို ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် ဝယ်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်။
စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ပုလောမြို့နယ်၊ ပလမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် ဆန်ဝယ်ယူနေရခြင်းကြောင့် အခက်အခဲများစွာ ရှိနေကြသည်ဟု မြို့ခံများက ပြောသည်။
သင်္ကြန်ပြီးနောက်ပိုင်းမှ စတင်၍ ယခုအချိန်ထိ ဆန်ဝယ်ယူရသည့် အချိန်တွင် ထောက်ခံစာအပြင် အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်ကိုပါ ပြကြရပြီး လူတစ်ဦးလျှင် နို့ဆီဘူး ၂ ဘူးစီသာ ဝယ်ခွင့်ရရှိနေခြင်း ဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက “ဆန်ဝယ်ယူဖို့ ဦးကြင်ရှိန်လက်မှတ်ပါတဲ့ ထောက်ခံစာ တချပ်ကို ၅၀၀၀ ကျပ်ပေးရတယ်၊ လူ ၅ ယောက်ရှိရင် ၁၀ ဘူးအပြင် ပိုမရောင်းပေးဘူး။ ဆိုင်ကလည်း သိပ်မရှိ တာကြောင့် ရေရှည်ကြရင် ဆန်ပြတ်လာမှာ စိုးရိမ်နေရ တယ်” ဟု ပြောသည်။
ဆန်ဝယ်ယူခွင့် ကန့်သတ်ချက်ကို ပလကျေးရွာအုပ်စု အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကြင် ရှိန်မှ သင်္ကြန်ကာလအပြီး ကျေးရွာအတွင်း လိုက်လံ အမိန့်ထုတ်ထားကာ ဆန်ဆိုင်များကိုလည်း ထောက်ခံစာ ရှိ သူကိုသာ သတ်မှတ်ချက်အတိုင်း ရောင်းချပေးရန် အကြောင်းကြားထားသည်ဟု ဆန်ရောင်းဝယ်ရေး လုပ်ကိုင် နေသူ တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် နှစ်မှစတင်၍ ပုလောမြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် စိုက်ပျိုးထားသည့် စပါးများကို မရိတ်သိမ်းနိုင်ခဲ့သည့်အပြင် လက်ရှိတွင်လည်း စပါးထပ်မံစိုက်ပျိုးရန် အခွင့်အရေး မရှိသေးဘဲ ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်မှ နေအိမ်များ မီးရှို့ဖျက်ဆီးချိန် စပါးကျီများလည်း မီးထဲပါပြီး ပျက်စီးဆုံးရှုံးခဲ့သောကြောင့် လက်ရှိတွင် ဒေသခံများအနေဖြင့် ထောက်ခံစာအပြင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ကိုပါ ပြပြီး ဆန်ကို ဝယ် ယူစားသုံးနေကြရခြင်း ဖြစ်သည်။
ယခင်က ပုလောမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ဆန်စပါးများကို ဒေသခံ ဆန်ရောင်းဝယ်သူများက သို
လှောင်ကြိတ်ခွဲ ရောင်းချပေးနိုင်ခြင်းကြောင့် ယခုကဲ့သို့သော အခက်အခဲမျိုး မရှိခဲ့ဘူးဟု ဒေသခံတစ်ဦးက ပြောသည်။
မြိတ်မြို့နှင့် ထားဝယ်မြို့တို့ဘက်မှ ဆန်များသယ်ယူသည့် အချိန်တွင်လည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးသိမ်း ယူခြင်းများ ရှိခဲ့သည်ဟု ဆန်ရောင်းချသူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ပုလောမြို့နယ်အတွင်း စစ်ကောင်စီမှ ဆန်သယ်ယူခွင့် တင်းကြပ် ခဲ့ခြင်းကြောင့် ဆန်အရောင်းဆိုင်များက အများအပြား သယ်ယူရောင်းချခြင်းများ မပြုလုပ်ကြတော့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။