စစ်ကောင်စီ သတင်းပေးဆိုသူ မှုခင်း သတင်းထောက်တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်။

ရေကြည်မြို့နယ်အတွင်း နာမည်ကြီးနေသည့် စစ်ကောင်စီ သတင်းပေး၊ မှုခင်းသတင်းထောက်တစ်ဦး ပစ်သတ် ခံလိုက်ရသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အပိုင် မရင်းကူးရွာက နာမည်ကြီး နေသည့် စစ်ကောင်စီ သတင်းပေး တင်သန်းဆိုသူ ဧပြီ ၂၇ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ဦးတင်သန်းကို သေနတ်နဲ့ ပစ်သွားတယ် ကြားလို့ သွားကြည့်တော့ အိမ်ဝမှာ လဲကျသေ နေ တာတွေ့တယ်။ သွေးတွေ ထွက်နေတာ အများကြီးပဲ ရဲတွေ စစ်သားတွေ ရောက်နေလို့ အနားကပ်မကြည်ရဲဘူး” ဟု ပြောသည်။

ဦးတင်သန်းအား တစ်ဦးတည်း အိမ်၌ ရှိနေစဥ် သေနတ်သမားက နေအိမ်တွင်း ဝင်ရောက်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးတင်သန်းမှာ ရင်ဝတွင် သေနတ်ကျည် နှစ်ချက်ထိမှန်၍ ပွဲခြင်းပြီး သေဆုံးသွားကာ ကျည်ဆံမှာ ကျောကို ဖောက်ထွက်သွားသည် ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့၏ ပြောပြချက်အရ သိရသည်။

သေဆုံးသူ ဦးတင်သန်းသည် ယခင်က အမှုပွဲစား အလုပ် လုပ်သည့်အပြင် မှုခင်း သတင်းထောက် တစ်ဦးလည်း ဖြစ်ကာ ရဲသတင်းပေး တစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် စစ်တပ် အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်း စစ်ကောင်စီ သတင်းပေး ဒလန် တစ်ဦး ဖြစ်လာပြီး “မရင်း ကူး တင်သန်း”၊ “နေပြည်တော် တင်သန်း” ဟု လူသိများသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မရင်းကူးရွာ ဒေသခံတစ်ဦးက “သူက အမှုသည်တွေဆီက ငွေညှစ်ကြမ်းတယ်။ အနိုင်ကျင့်ငွေတောင်းတာ ဆို တော့ လူမုန်းလည်းများတယ်” ဟု ပြောသည်။

၎င်း၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့ပြီး ၎င်းနှင့် ပုဂ္ဂိုလ်ရေး အဆင်မပြေသူများကို စစ်ကောင်စီထံ အမျိုးမျိုး တိုင်ကြားသဖြင့် လုပ်ငန်းရှင်များကအစ ဒလန်တင်သန်းကို ကြောက်နေကြရသည်ဟု ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပက်သက်၍ ဒေသခံတော် လှန်ရေး အင်အားစုများဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးသိုင်းချောင်းမြို့၊ ကျုံတာလမ်းဆုံ၊ ပိတောက် ချောင် ဂိတ်တို့တွင် ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

ရေကြည်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက စစ်ကောင်စီ လက်အောက်ခံ ဇရပ်လှ အုပ်ချုပ်ရေးမှူး သေ နတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်။

ထို့အပြင် ယခုပစ်ခတ်ခံရသည့် ဖြစ်စဉ်အနီးရှိ ပိတောက်ချောင် အုပ်ချုပ်ရေးမှူးလည်း လက်မောင်းကို သေနတ် ကျည်ဆံထိမှန်ခဲ့သေးသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။