စိတ်ကျန်းမာရေး ချို့တဲ့သူ သေနတ်ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
ထားဝယ် – မြိတ်သွားလမ်းပေါ်တွင် စိတ်ကျန်းမာရေး မကောင်းသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည် ဟု ဒေသခံ များက ပြောသည်။
ထားဝယ် – မြိတ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဥတ္တူဖျောင်းတံတား စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ တပ်ဖွဲ့က စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသောကြောင့် ဆေးကုသမှု ခံယူနေရသည်ဟု ရွာသားများက ပြောသည်။
အသက် ၃၅နှစ်အရွယ် အမျိုးသမီးတစ်ဦးက “သူက စိတ်မူမမှန်တော့ လျှောက်သွားနေတတ်တယ်။ သေနတ်သံ ၃ ချက်ကြား လိုက်ရပြီး နာရီဝက်လောက်ကြာမှ အပစ်ခံတာကို သိကြတာ” ဟု ပြောသည်။
ပစ်ခတ်ခံရသူမှာ သရက်နှစ်ခွကျေးရွာသား ကိုဇာနည်ထွေး အသက် ၂၇ နှစ် ဆိုသူဖြစ်ပြီး ဧပြီ ၂၅ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာအနီး တမိုင်ခန့်အကွာရှိ ဥတ္တူချောင်း တံတားပေါ်သို့ ကိုဇာနည်ထွေး ဖြတ်လျှောက် သွားနေချိန် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ပေါင်တွင် ကျည်ဆံ ထိမှန်ဒဏ်ရာရရှိသွားခဲ့ သည်ဟု ရွာသားများက ဆိုသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းကို ခံရသည့် ကိုဇာနည်ထွေးကို ကျေးရွာသို့ ကားကြုံ တင်ပေးလိုက်ခြင်း ဖြစ် သည်ဟု ရွာသားများက ပြောသည်။
ကျေးရွာထဲသို့ သေနတ်ဒဏ်ရာဖြင့် ရောက်ရှိလာသည့် ကိုဇာနည်ထွေးကို ရွာသားများက သွေးထွက် မလွန်စေရန် ပြုစုပေးပြီးနောက် အရေးပေါ်လူနာတင်ကား ခေါ်ယူကာ ထားဝယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဥတ္တူချောင်းတံတား၌ တပ်စွဲထားသည့် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး နီးပါး ရှိနေပြီး လမ်း
သွားလမ်းလာများကို ယခင်ကလည်းမကြာခဏဆိုသလို အကြောင်းမဲ့ ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။