ဖမ်းထားသူများ ပြန်လွှတ်ပေးရန် စစ်ကောင်စီက ပိုက်ဆံတောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းခံထားရသည့် ကော့သောင်းခရိုင်၊ ရှမ်းကိုးရွာအုပ်စုဒေသက ရွာသားများအနက် ၂ ဦး ကို ပြန်လွှတ်ပေးရန်အတွက် ငွေကြေးတောင်းယူခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ကော့သောင်းခရိုင်အတွင်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ ခေါင်းဆောင် ၂ ဦး ပစ်သတ်ခံရပြီး နောက် ရှမ်းကိုးကျေးရွာ ဒေသအတွင်းက ရွာသားများကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် မိသားစုဝင်တစ်ဦးက “ရွာခံ ရပ်မိရပ်ဖတွေကတော့ ဝိုင်းဝန်းကူညီ တောင်းပန်ပြီး ဘတ် ငွေ ၃၀၀၀၀ စီလောက်သာ တတ်နိုင်ကြတယ်လို့ ပြောပေးထားတယ်။ အကြောင်းတော့ မပြန်သေးဘူး” ဟု ပြောသည်။
ဖမ်းဆီးခံရသူများအနက် ၂ ဦးအား ဘတ် ၁သိန်းစီတောင်းခဲ့ရာမှာ ဘတ် ၃သောင်းဖြင့် ညှိနှိုင်းခဲ့ကြသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံထားရသူများမှာ အေးချမ်းသာကျေးရွာ၊ မာရမ်းကျေးရွာ၊ လုံးဖေါငယ်ကျေးရွာ၊ ဆိပ်ဖူးကျေးရွာနှင့် ခမောက်ကြီးမြို့တို့မှ အမျိုးသမီး ၃ ဦး နှင့် အမျိုးသား ၆ ဦး စုစုပေါင်း ၉ ဦး ဖြစ်သည်။
ကော့သောင်းခရိုင် ခမောက်ကြီးမြို့နှင့် ရှမ်းကိုးရွာဒေသအတွင်း နေထိုင်သူရွာသားတို့ကို ဧပြီလ ၁၈ ရက်နေ့ မှ ၂၃ ရက်နေ့အထိ ခြောက်ရက်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းခံရသူ ၉ ဦးအနက် အမျိုးသားတစ်ဦးကို ဧပြီလ ၂၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးနှစ်ဦး ကိုမူ ဧပြီလ ၂၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဆက်လက် ဖမ်းဆီးခံထားရသူ ၆ ဦးအနက် ၂ ဦးအား တစ်ဦးလျှင် ဘတ်ငွေ ၁ သိန်းဖြင့် ပြန်ရွေးခိုင်းခဲ့ခြင်း ဖြစ်ပြီး ကျန် ၄ ဦးကိုမူ ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နီးစပ်သူများက ပြောသည်။
ဖမ်းဆီးခံထားရသူများအနက် ၂ ဦးကို ငွေပေး၍ ပြန်ထုတ်ခွင့်ရသည်ကိုပင် မိသားစုဝင်များအနေဖြင့် ဝမ်းသာနေ ကြသော်လည်း ထုတ်ခွင့်မရဘဲ ဆက်လက် ဖမ်းဆီးခံထားရသူများ အတွက် စိုးရိမ် စိတ်ပူနေကြသည်ဟု မိသားစု နှင့် နီးစပ်သူများက ပြောသည်။
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ဝိုင်ဒင်းကျေးရွာအနီး ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပုလဲစစ်ကြောင်းမှ တပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ရသည့် ဖြစ်စဉ်၌ လမ်းပြပေးခဲ့သည့် ပျူစောထီးခေါင်းဆောင် နှစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရခြင်း ဖြစ်သည်။
ပစ်ခတ်ရှင်းလင်းခံခဲ့ရသူများမှာ ဆိပ်ဖူးကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဦးကျော်ဝင်း နှင့် ဒု-ခေါင်းဆောင် ဦးမြင့်အောင်တို့ နှစ်ဦးဖြစ်ပြီး ၎င်းတို့အား ဧပြီလ ၁၆ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည် ဟု ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။