မွန်ပြည်နယ်အတွင်း စစ်ကောင်စီ ယာဉ်တန်းတိုက်ခံရ၊ တပ်သား ၄ ဦး သေ၊ ၄ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီယာဥ် ၃ စီးကို သံဖြူဇရပ်မြို့ အတွင်းရှိ ကလိန်ပဒေါကျေးရွာနှင့် ကုန်းမြင့်သာယာကျေးရွာ အကြားရှိ ဝဲခမိကေကျးရွာအနီးတွင် ဧပြီလ ၂၃ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်က တိုက်ခိုက်ခံရခြင်းဖြစ်သည်။

တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက “ကား ၃ စီးက ဝဲခမိရွာအနီးကို လမ်းကင်းချပြီး သံဖြူဇရပ် မြို့ကို အပြန် ကလိန်ပဒေါရွာနဲ့ ကုန်းမြင့် သာယာရွာကြား ညနေ ၃ နာရီမှာ တောင်ညို ပြည်သူ့ ပြောက်ကြား တပ် ဖွဲ့က ခြုံခို ပစ်ခတ် တိုက်ခိုက်ခဲ့ရတာပါ။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ တယ်။ ကားတစ်စီးပျက်စီးသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်အင်အား ၆၀ ခန့် လိုက်ပါလာသည့် ကား ၃ စီးသည် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီးတွင် လမ်းကင်းချ၍ သံဖြူဇရပ်သို့အပြန် ခြုံခို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ယာဥ်တစ်စီးလည်း ပျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။

ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းများ ပစ်ခတ်တိုက်ခိုက်ခံနေရသည့် ဖြစ်စဥ်များအပြင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

ထိုသို့သော အခြေအနေများကြောင့် ဒေသခံလူထုအတွက် လုံခြုံရေးပိုင်း စိန်ခေါ်မှုဖြစ်နေပြီး သွားလာရေး အတွက် အခက်အခဲဖြစ်နေသည်ဟု ရေးဒေသခံများက ပြောသည်။

ရေးမြို့ခံတစ်ဦးက “ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတလျှောက်မှာက ပစ်ခတ်မှုတွေ မကြာခဏဖြစ်လေ့ရှိတယ်။ နှစ်ဖက်တိုက်ပွဲ ဖြစ်တာရှိသလို စစ်ကားတွေ တိုက်ခိုက်ခံရတာတွေလည်း မကြာခဏဖြစ်တယ်။ ပြီးတော့ အရပ် သားတွေ ပစ်ခတ်ခံရတာတွေလည်း ရှိတယ်။ အခုဆိုရင် သွားလာရတာ မလုံခြုံတော့ဘူး၊ ညပိုင်းမပြောနဲ့ နေ့ခင်းပိုင်းတောင် သွားတာလာတာ အန္တရာယ်ရှိတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေသည့်အပြင် စစ်ကောင်စီ တပ်စခန်း၊ ဂိတ်စခန်း၊ ဌာနဆိုင်ရာရုံးများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည့် ရေးမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီလမှ စတင်ပြီး စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားပြီး၊ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်။