မုံရွာရှိ စစ်ဆေးရေးဂိတ် တိုက်ခံရ၊ စစ်ကောင်စီ တပ်သား ၂ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်။

မုံရွာမြို့အဝင် ဆန်ဆိုင်တစ်ဆိုင်ရှေ့တွင် တပ်စွဲထားသည့် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ် သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ ရရှိခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့တွင် ၆ လကြာ တပ်စွဲထားသည့် စစ်ကောင်စီ စစ်ဆေး ရေးဂိတ်ကို မုံရွာမြို့နယ် တော်လှန်ရေး မဟာမိတ်အင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

Golden Eagle Force – Monywa (GEF) တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်လင်းယုန်က “အနီးကပ် ပြည်သူ တွေရဲ့ ပြောကြားချက်အရ အတည်ပြုတာ။ ပစ်ခတ်တဲ့ အချိန်မှာတော့ တစ်ယောက် လဲကျသွားတာပဲ။ ကျနော် တို့ တွေ့ခဲ့တာ။ မျက်မြင်ပြည်သူတွေရဲ့ ပြောကြားချက်အရ ၂ ယောက် လဲကျသွားတယ်။ ကားပေါ် ဆွဲတင်သွား တယ်။ တစ်ယောက်ကတော့ လက်မောင်းထိသွားတော့ လက်မှာ ပတ်တီးစည်းပြီး ဆွဲတင်သွားတယ်။ ကားနဲ့ လာတင်ခေါ်သွားတယ်လို့ ပြောတယ်” ဟု ပြောသည်။

ထိုနေရာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ကို ဧပြီလ ၂၄ ရက်နေ့၊ နေ့လည် ၁ နာခွဲ အချိန်ခန့် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်ဟု Golden Eagle Force – Monywa(GEF) မှ တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီတပ်များ၏ ထိခိုက်သေဆုံးမှုမှာ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်သာဖြစ်ပြီး သတင်းနှင့် မီဒီယာကွန်ယက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာနှင့် ၎င်းတို့ ပစ်ခတ်သည့်နေရာမှာ ပေ ၆၀၀ ခန့်သာ ကွာဝေးပြီး ၎င်း တို့ဘက်မှ ရဲဘော် ၅ ဦးခန့်သာ ပါဝင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရေဦးဆန်ဆိုင် အနီးတစ်ဝိုက်တွင် ပြည်သူများ အမြဲလိုလို သွားလာနေသည့်အတွက် များစွာအချိန်ယူ ပြင်ဆင်ခဲ့ရသည်ဟု ဗိုလ်လင်းယုန်က ဆက် ပြောသည်။

“အချိန်ကတော့ နည်းနည်း ယူရပါတယ်။ ပြည်သူတွေ အသွားအလာ သိပ်မရှိတဲ့ အချိန်မှာပဲ သတိထားပြီးတော့ လုပ်ခဲ့ရတာပါ။ မနက်ခင်း အစောပိုင်း ညနေပိုင်းတွေမှာဆိုရင် ပြည်သူတွေ အသွားအလာများတော့ ကျနော်တို့ အဲလိုအချိန်မှာ ရှောင်ပစ်လို့ မရဘူး။ အဲတော့နေ့ခင်း နေပူတဲ့အချိန် ပြည်သူတွေ သိပ်မထွက်တဲ့ အချိန်မှာ ကျနော်တို့ ဦးစားပေးပြီး ပစ်ခဲ့ရတာပေါ့။”

အဆိုပါ စစ်ဆင်ရေးကို GEF တပ်ဖွဲ့အပြင် Aung San Generation (မုံရွာခရိုင် တပ်ရင်း ၁၃)နှင့် ပုဏ္ဏက ပြောက် ကျားတပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး အလျှင်အမြန် ဆုတ်ခွာနိုင်ခဲ့သောကြောင့် ၎င်းတို့ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဘူးဟု ဆိုသည်။

ပစ်ခတ်မှုများ အပြီးတွင် စစ်ကောင်စီတပ်များက အိမ်စီးကားများဖြင့် မြို့နေရာအနှံ့ လှည့်ပတ် စစ်ဆေးခဲ့ပြီး မသင်္ကာသည့် လူငယ်အချို့ကို ဖမ်းဆီးခဲ့သေးသည်ဟု မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် “ပြည်သူတွေကို ပြောချင်တာကတော့ ခွေးစစ်ဆေးရေးဂိတ်တွေဆိုရင် ဖြစ်နိုင်ရင် ရှောင်ကွင်းသွား ကြပါ။ ကျနော်တို့ အနေနဲ့က ချောင်ရင် ချောင်သလို ဝင်လုပ်ရတာဆိုတော့ ပြည်သူတွေ ရှိနေရင် ကြန့်ကြာမှု တွေ ရှိတယ်။ ရှောင်ကွင်းသွားကြရင်တော့ ပိုအဆင်ပြေတာပေါ့” ဟု ဗိုလ်လင်းယုန်က သတိပေးထားသည်။

မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင် ဘာလ ၅ ရက်နေ့ကလည်း GEF တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပြီး GEF ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု တာဝန်ရှိသူ များက ပြောသည်။