NUG က အခွန်ထမ်း လုပ်ငန်းရှင်များအား တာဝန်ယူမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
စစ်ကိုင်းတိုင်းအတွင်း အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များကို တာဝန်ယူမှု၊ တာဝန်ခံမှုပေးမည်ဟု NUG လက်အောက်ခံ ကလေး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုလိုက်သည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက် အောက်ခံ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KTPP) မှ အခွန်များကို စတင်ကောက်ခံနေပြီဟု အဖွဲ့တာဝန်ရှိသူများ က ပြောသည်။
KTPP ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ကုန်ပစ္စည်းတွေ သူတို့ရဲ့ စီးပွားလုပ်ငန်းတွေပေါ့နော်။ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို လာပြီးလုပ်နေတဲ့ အပိုင်းတွေ ရှိတယ်ပေါ့နော်။ အဲ့လိုမျိုး အပိုင်းတွေမှာ ကျနော်တို့ကို အခွန်ဆောင်ထားတယ်ဆိုရင် ကျနော်တို့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ပေးမယ်ပေါ့နော်။ အခွန်မဆောင်ဘူး ဆိုရင်တော့ တာဝန်ယူမှု မပေးဘူးပေါ့” ဟု ပြောသည်။
NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန လမ်းညွှန်ချက်ဖြင့် ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ (ပအဖ) လက်အောက်ခံ KTPP မှ ဧပြီလ ၂၀ ရက်နေ့တွင် စတင်ကောက်ခံခြင်း ဖြစ်သည်။
ကလေးမြို့နယ် ပအဖ၏ နယ်မြေစိုးမိုးမှု ရှိနေသည့် ဒေသများတွင်သာ ကောက်ခံသွားမည်ဖြစ်ပြီး အခွန်မဆောင် သည့် လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်းပြီး အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့အပြင် ပေးဆောင်ရသည့် အခွန်များမှာလည်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)၊ ပအဖနှင့် NUG ဆီကိုသာ တိုက်ရိုက်ရောက်ရှိမည် ဖြစ်ပြီး ထိုအခွန်များကို အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင်သာ ခွဲဝေသုံးစွဲသွားမည်ဟု တာဝန်ရှိသူများက ပြောသည်။
KTPP တာဝန်ရှိသူက “ကျနော်တို့ လုံခြုံရေး ကိစ္စအရ ဒီသတင်းတွေကို ထုတ်လွှင့်နေမှာလည်း မဟုတ်ဘူး။ ဘယ် သူ အခွန်ဆောင်တယ် ဆိုတာလည်း Facebook Page (လူမှုကွန်ယက် စာမျက်နှာ) ကနေ ထုတ်ပြန်နေမှာ မဟုတ် ဘူး။ တပ်ကို အကြောင်း ကြားနေမှာလည်း မဟုတ်ဘူး” ဟု ပြောသည်။
လက်ရှိကောက်ခံသည့် အခွန်အမျိုးအစားတွင် မြို့နယ် စည်ပင်သာယာရေးနှင့် သယံဇာတဟူ၍ ၂ မျိုး သတ်မှတ် ကောက်ခံသွားမည် ဖြစ်ပြီး စည်ပင်သာယာရေးမှ ရရှိသည့် အခွန် ၁၀၀ ရာခိုင်နှုန်းကို ကလေးမြို့နယ် ပအဖမှ စီမံခွင့်ရမည်ဟု ပြောသည်။သည်။
ထို့အပြင် သယံဇာတအခွန်၏ ၁၀၀ ရာခိုင်နှုန်းအနက် ၃၀ ရာခိုင်နှုန်းကို NUG ဆီပေးဆောင်ရမည် ဖြစ်သည်။ အဆိုပါ သယံဇာတအခွန်ငွေထဲမှ ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းအနက် ၃၀ ရာခိုင်နှုန်းကို ကလေးမြို့နယ် ပအဖက စီ မံသုံးစွဲခွင့် ရရှိမည်ဖြစ်ပြီး ကျန်သည့် ၄၀ ရာခိုင်နှုန်းကို ပကဖများက ကာကွယ်ရေးအတွက် သုံးစွဲရမည်ဟု သတ် မှတ်ထားသည်။
ယခင် အမျိုးသား ဒီမိုရေစီ အဖွဲ့ချုပ်ပါတီ (NLD) အစိုးရ လက်ထက်က အခွန်ပေးဆောင်ထားပြီး သက်တမ်း မကုန်သေးသည့် လုပ်ငန်းရှင်များကလည်း ၎င်းတို့ထံ ထပ်မံပေးဆောင်ရမည်ဟု KTPP ၏ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
“ပစ္စည်းပေါ် မူတည်တယ်။ ကျောက်မီးသွေးတို့၊ ရေနံတို့ကျတော့ သံယံဇာတထဲ ပါသွားတာပေါ့။ ပစ္စည်း တစ်ခု ချင်းစီ သတ်မှတ်ဖို့ကျတော့ အရမ်းခက်တယ်။ ဥပမာ ကျောက်မီးသွေးဆိုရင် NLD အစိုးရ လက်ထက်ပေါ့နော်။ လိုင်စင်ဆောင်ထားပြီး သက်တမ်း မကုန်သေးတဲ့ဟာဆိုရင် ၁ တန်ကို ၂၅,၀၀၀ ပေါ့နာ်။ NLD အစိုးရလက်ထက် မှာ သက်တမ်းကုန်သွားပြီး စစ်ကောင်စီ လက်အောက်မှာ သက်တမ်း တိုးထားတဲ့ဟာဆိုရင် ၉၅,၀၀၀ ပေါ့။ တန် ပိုတယ်၊ ခိုးထုတ်တယ်ဆိုရင် ၅၀,၀၀၀ ပေါ့။”
ကလေးမြို့နယ် ပအဖ၏ အခွန်ကောက်ခံမှုမှာ ၂၀၂၂ ခုနှစ် ကတည်းက ဖြစ်ပြီး ယခု ဒုတိယအကြိမ်မှသာ NUG ၏ လမ်းညွှန်မှုဖြင့် စနစ်တကျ ကောက်ခံသည့် ပုံစံမျိုးကို ပြောင်းလဲကျင့်သုံးခြင်း ဖြစ်သည်ဟု ဆိုသည်။
KTPP အဖွဲ့ အစည်းသည် NUG ကူညီထောက်ပံ့မှုများဖြင့် ၎င်းတို့ထိန်းချုပ် နယ်မြေများတွင် ရဲတပ်ဖွဲ့က လုပ် ဆောင်ရမည့် လုပ်ငန်းများကို ကောင်းမွန်စွာ လည်ပတ်နေသည့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပြီး တရား စီရင်ရေး စနစ်ကိုလည်း စတင် အကောင်အထည်ဖော်နေပြီ ဟု တာဝန်ရှိသူများက ပြောသည်။