တစစ အရေးနိမ့်လာတဲ့ ကရင်ပြည်ထဲက စစ်ကောင်စီတပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

ကရင်ပြည်နယ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ စစ်ရေးလှုပ်ရှားမှု နယ်မြေတွေထဲ စစ်ကောင်စီတပ်က မြေပြင်မှာ အဖက်ဖက်က ရှုံးနိမ့်လာနေပြီး ထိုးစစ်မထိုးနိုင်တော့တဲ့အပြင် ပုံမှန် လုပ်နေကြ တပ်အချိန်းအပြောင်းကိုတောင် မလုပ်နိုင်တော့ဘူးလို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က ပြောပါတယ်။ 

ဒီအခြေအနေအောက်က KNLA ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲတွေကိုလည်း ဆက်တိုက် ဆင်နွှဲနိုင်နေပါ တယ်။ 

လက်ရှိ စစ်ရေးအခြေအနေပေါ် မူတည်ပြီး KNU အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့ အတွက် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါတဲ့ တပ်မတော်တစ်ခုကို တည်ဆောက်ဖို့ကို ရည်မှန်းချက် ချထားတဲ့ အပြင် လုံခြုံ ရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကိုလည်း ဖက်ဒရယ် ဖွဲ့စည်းပုံအသစ်နဲ့အညီ အစားထိုးသွားရမှာ ဖြစ်တယ်လို့ ပြော ဆိုလာပါတယ်။ 

ဇူလိုင်လ ၂၁ ရက်နေ့ ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာအရ အရေးပါတဲ့ လက်ခတ်တောင်စခန်း ကုန်းကို စစ်တပ်က ပြန်လည်ရရှိနိုင်ရေး ဝေဟင်ရော မြေပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေပါတယ်။

စစ်ကောင်စီဘက်က လက်ခတ်တောင်စခန်း ပြန်လည်ရယူနိုင်ရေး ကြိုးစားနေတာကြောင့် တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့တွေ ဖြစ်တဲ့ တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ ရောင်နီ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ဩဂုတ်လ ၁၅ ရက်နေ့ထိ တိုက် ပွဲတွေ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့ တိုက်ပွဲထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ်ရေ (၃၀၀)ကျော် ပစ်ခတ်ခဲ့တဲ့အပြင် Jet Fighter နဲ့ (၃)ကြိမ်၊ Mi-35 (Attack-Helicopter) နဲ့ (၃)ကြိမ် ပစ်ခတ်ခဲ့ပါတယ်။

ဒီတိုက်ပွဲထဲမှာလည်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ယောက်၊ ဗိုလ်ကြီး တစ်ယောက် အပါအဝင် စုစု ပေါင်း (၁၅) ဦး သေဆုံးခဲ့ပြီး (၂၁)ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ လက်နက်ခဲယမ်းအများအပြားကိုလည်း တော်လှန်ရေး အင်အားစုတွေဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ခတ်တောင် စခန်းကုန်းအပါအဝင် ကရင်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး စတဲ့ ဒေသတွေထဲက KNLA နဲ့ ပူး ပေါင်းတပ်တွေ လှုပ်ရှားနေတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က အကျအဆုံးတွေ များနေတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

KNLA စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက လက်ရှိ စစ်ကောင်စီတပ်က ကျင့်သုံးလာတဲ့ စစ်ရေးဗျူဟာ ပုံစံနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“စစ်ကောင်စီက စစ်ရေးအနေအထားက သနင်္ဂဗျူဟာအရ ခံစစ်အနေအထားလို့ ရောက်ပြီလို့ ပြောလို့ ရပါတယ်။ နည်းဗျူဟာအရတော့ နည်းပရိယာယ်ကတော့ ထိုးစစ်ကို မလုပ်နိုင်ပဲနဲ့ အဲဒီအစား လက်နက်ကြီးနဲ့ လေယာဉ်ကိုပဲ အစားထိုး အသုံးပြုနေရပါတယ်”

ဒါအပြင် စစ်ကောင်စီတပ်ဟာ အရင်က တစ်နှစ်တစ်ခါ တပ်လဲလှယ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကနေစပြီး ၄ နှစ်ခွဲ ကြာလာတဲ့အထိ တပ်လဲလှယ်မှုတွေကိုလည်း မလုပ်ဆောင်နိုင်တော့ဘူးလို့  KNLA ဆိုပါ တယ်။

တပ်လဲလှယ်မှုတွေ မလုပ်ဆောင်နိုင်တဲ့အပြင် ရှေ့တန်းစစ်မြေပြင်မှာလည်း ချိနဲ့ယိုင်နဲ့နေတဲ့ အနေအထားကို ရောက်ရှိနေပြီလို့ ဗိုလ်မှူးချုပ် စောတာမလာသော က ဆက်ပြောပါတယ်။ 

“နောက်ပြီးတော့ ဒီ စစ်ကောင်စီတပ်ကနေပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုရင် ထုတ်နှုတ် အင်အားနဲ့ပဲ လုပ်နေရပါတယ်။ နောက်ပြီးတော့ ဒီတပ်စခန်း တစ်ခုနဲ့ တစ်ခု လှုပ်ရှားနိုင်မှု စွမ်းအားကလည်း ကျဆင်း နေပါတယ်။ နောက်ပြီးတော့ အဓိက သူတို့ တပ်စခန်းတွေကို တပ်စခန်းဖြစ်တဲ့ ခြေကုတ်စခန်းကို မဖြစ်မနေ သူတို့ ကာကွယ်ရမယ့် ဆိုရင် စခန်းတွေကို သူတို့ ဒီ လေယာဉ်နဲ့ ရိက္ခာသယ်နေရတယ်။ နောက်ပြီးတော့ ဒီစခန်းကို ကာကွယ်ဖို့အတွက် တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေ သုံးပြီး ကာကွယ်နေရပါတယ်။”

ရှေ့တန်းစစ်မြေပြင် စခန်းတွေမှာ ချိနဲ့ယိုင်နဲ့ လာနေသလို မြို့နဲ့ မဝေးတဲ့ ဒေသက တပ်စခန်းတွေမှာလည်း  လုံခြုံ ရေးအရ ခြိမ်းခြောက်မှုတွေကို ခံနေရတဲ့အတွက် ဆိုင်ကယ်တွေ ကားတွေ မသွားနိုင်အောင် ဘတ်ဖိုးတွေနဲ့ မြို့အ ဝင်အထွက် လမ်းတွေကို ဖြတ်တောက်ထားတယ်လို့ KNLA က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်ရာ ဒေသတွေမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။

တိုက်ပွဲတွေ  ဆက်တိုက်ဖြစ်ပွားလာခဲ့တဲ့ တစ်ဖက်မှာတော့ KNU ထိန်းချုပ်နယ်မြေထဲက စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်တိုက်ခိုက် သိမ်းယူ နိုင်ခဲ့ပါတယ်။ 

KNU နယ်မြေထဲက စစ်ကောင်စီရဲ့ တပ်စခန်းတွေ သိမ်းပိုက်ခံနေရသလို တခြား တိုင်းရင်းသား ဒေသတွေထဲက စစ်ကောင်စီတပ်စခန်းတွေဟာလည်း တိုက်ခိုက်သိမ်းပိုက် ခံနေရတဲ့အတွက် စစ်ကောင်စီတပ်ဟာ မြေပြင်မှာ အဖက်ဖက်က ရှုံးနိမ့်နေပြီး ခံစစ်အနေအထားကို ပြောင်းလဲ ကျင့်သုံးလာနေတယ်လို့ တော်လှန်ရေး အင်အားစု တွေက ပြောပါတယ်။

စစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ KNU ဟာ တကယ်တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။ 

ဒီလို လက်မှတ်ရေးထိုးထားပေမယ့် KNU အနေနဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းပြီး နောက်ပိုင်း လုပ်ရပ်တွေအပေါ် လက်မခံနိုင်စရာအကြောင်း မရှိဘူးလို့ဆိုပါတယ်။

စစ်တပ်၏ မတရား အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပျက် ပြယ်သွားပြီလို့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက (၁၇) ကြိမ်မြောက် KNU အစည်းအရုံးကွန်ဂရက်အပြီး ဩဂုတ်လ (၁၀) ရက်နေ့က ပြုလုပ်တဲ့ ပထမဦးဆုံး သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

အဲ့ဒီသတင်းစာရှင်းလင်းပွဲကနေပဲ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက် မြန်မာ့နိုင်ငံရေးမှာ စစ်တပ် မပါတဲ့ တပ်မတော်တစ်ခုကို တည်ဆောက်ဖို့ အပါအဝင် အချက် ၄ ချက်ကို KNU ရဲ့ နိုင်ငံရေး ရည်မှန်းချက် အဖြစ် ချမှတ်ထားတယ်လို့ KNU က ပြောဆိုလိုက်ပါတယ်။ 

၁၇ ကြိမ်မြောက် KNU ကွန်ဂရက်အပြီး ရက် ၁၀၀ အတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်း ရေးမှူး ပဒိုစောတာဒိုမူး က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

“KNU က နိုင်ငံရေး ရည်မှန်းချက် ၄ ရပ်ကို ကျနော်တို့ ချမှတ်ထားတယ်။ ပထမဆုံး တစ်ချက်ကတော့ မြန်မာ့နိုင်ငံရေးမှာ လုံးဝပါဝင်ခွင့်မရှိတော့တဲ့ စစ်တပ်ကို တည်ဆောက်ဖို့လိုတယ်။ နံပါတ် ၂ က ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် တစ်ခုကို ကျနော်တို့ ရေးဆွဲဖို့လိုတယ်။ နံပါတ် ၃ က အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်တွေကို သဘောတူ အကောင်အထည် ဖော်လိုတယ်။ နံပါတ် ၄ ကတော့ နိုင်ငံသစ်ထူထောင်ရေး အဆင့်တိုင်းမှာ နိုင်ငံတကာပါဝင်တဲ့ အခန်းကဏ္ဍကို သဘောတူ ပါဝင်ဖို့လိုတယ်။”

လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံမှာ အုပ်ချုပ်သူ အဆက်ဆက်က ပျက်ကွက်ခဲ့တဲ့ နိုင်ငံတည် ဆောက် မှု၊ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ် တောင်းဆိုမှုကို ငြင်းပယ်ရာကနေ အကြမ်းဖက် တုန့်ပြန်မှုတွေ ဖြစ်လာရတာ လို့ KNU က ဆိုပါတယ်။

အုပ်ချုပ်သူ အစိုးရအဆက်ဆက်က မဖြေရှင်းပေးနိုင်တဲ့ နိုင်ငံတည်ဆောက်မှု ပြဿနာဟာ လက်ရှိ နွေဦးတော် လှန်ရေးအထိ ကူးစက်လာပြီး ဒီပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် စစ်တပ်က နိုင်ငံရေးကနေ အပြီးအပိုင် နှုတ် ထွက်သွားဖို့ လိုတယ်လို့ ပဒိုစောတာဒိုမူးက ဆက်ပြောပါတယ်။

“ခုနောက်ဆုံး စစ်အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကျော်ကြာသက်ဆိုးရှည်လာခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ မဖြေရှင်းခဲ့တဲ့ နိုင်ငံတည်ဆောက်မှု ပြဿနာကြီးရဲ့အထွဋ်အထိပ်သာ ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ ဒါကြောင့် ဒီပြဿနာနဲ့ ဇစ်မြစ်ကို ထိထိမိမိ ဖြေရှင်းဖို့က အရေးအကြီးဆုံး ဖြစ်ပြီး အဲဒါဟာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ခြင်းနဲ့ စစ်တပ်က နိုင်ငံရေးကနေ ပါဝင်နေမှုကနေ ထွက်ပေးဖို့ပဲ ဖြစ်ပါတယ်။”

တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေဟာ အစိုးရ အဆက်ဆက်ရဲ့  ယန္တရားအောက်မှာ အရောင်ဆိုးခံခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီပျောက်ဆုံးမှုနဲ့ တိုင်းရင်းသား အခွင့်အရေး ပျောက်ဆုံးတစ်ခုကို ကြုံတွေ့ နေရတာဖြစ်ပါတယ်။ ဒီ ၂ ခုကို တစ်ခုပြီးမှ တစ်ခု ဖြေရှင်းလို့ မရပဲ တစ်ပြိုင်တည်း ဖြေရှင်းရမှာ ဖြစ်တယ်ဆိုတာကို ဒီနေရာမှာ အတိအလင်း ပြောကြားလိုပါတယ်။ အဲဒီအတွက် အတားအဆီးကလည်း စစ်တပ်ပဲ ဖြစ်ပါတယ်” 

စစ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်အထိ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ဖို့အတွက် လက်ရှိ ကြားကာလ အခြေအနေကနေ စတင် တည်ဆောက်ရမှာဖြစ်သလို လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကိုလည်း ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်နဲ့အညီ အစားထိုးသွားရမှာ ဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က ပြောပါတယ်။ 

အရင်က အလုပ်မဖြစ်ခဲ့တဲ့ လုပ်ဆောင်မှုတွေကို စဉ်စားမနေတော့ပဲ အခုလက်ရှိ  ကြားကာလမှာ အုတ်မြစ် ခိုင် မာပြီး သန္ဓေမှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို စတင်တည် ဆောက်ဖို့လိုတယ်လို့ KNU အထွေထွေ အတွင်းရေးမှူး ပဒို စောတာဒိုမူးက ပြောပါတယ်။

“သန္ဓေမှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီဖြစ်ဖို့က ယခုတော်လှန်ရေးကာလ သို့မဟုတ် ကြားကာလကတည်းက စတင်ကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံတည်ဆောက်ခြင်းကို အပေါ်ကနေ Top down ချုပ်ကိုင် ခြယ်လှယ်ပြီး ဆောင်ရွက်လာခဲ့တဲ့ အလုပ်မဖြစ်တဲ့ သာဓကတွေအောက်မှာ ကျနော်တို့ အားလုံးဖောက် ထွက်ပြီးတော့ ကျနော်တို့ အားလုံးဘဝနဲ့ ရင်းပြီးတော့ အတွေ့အကြုံတွေ ရယူခဲ့ကြပြီ ဖြစ်တယ်ဆိုတာကိုလည်း ပြောကြားရင် ဒီနေ့ ကျနော်တို့အောက်ခြေကနေပြီးတော့ အုပ်မြစ်ခိုင်ခိုင်တည် ဆောက်ဖို့ အရေးကြီးတယ် ဆိုတာလေးကို ပြောကြားလိုပါတယ်။”

သန္ဓေမှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို လက်ရှိ ကြားကာလမှာ စတင်တည်ဆောက်ဖို့လိုသလို လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍကိုလည်း ကြားကာလကနေ ထွက်ပေါ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အသစ်နဲ့အညီ အစားထိုးဖို့ အရေးကြီးတယ်လို့ ပဒိုစောတာဒိုမူး က ဆက်ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေးတပ်များနဲ့ PDF တပ်ဖွဲ့တွေကို လည်း လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲမှု လုပ်ငန်းစဉ် တစ်ခုလုံးရဲ့အောက်မှာ ပြန်လည်စုစည်းပြီး ပေါ်ပေါက် လာတဲ့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့အညီ လုံခြုံရေးစနစ်အသစ်ရဲ့ အောက်မှာ ပြန်လည် တည် ဆောက်ကြရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရုံသာမကပဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ညီတဲ့ ပိုမိုကောင်းမွန် နဲ့ ဥပဒေတွေ အုပ်ချုပ်ရေး ယန္တရားတွေ တရားရေးစနစ်တွေနဲ့ အစားထိုးဖို့လည်း အရေးကြီး ပါတယ်” 

တစ်ဖက်မှာတော့ လက်ရှိ နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်း အမြောက် အများရှိနေပြီး လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍအရ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို အသစ်ပေါ်ပေါက် လာမယ့် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ်နဲ့အညီ ပြန်လည်စုစည်းနိုင်ဖို့ လိုတယ်လို့ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးမူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသော က ပြောပါတယ်။

“အရေးကြီးတာကတော့ တော်လှန်ရေး အဆုံးသတ်ကောင်းဖို့လိုတယ်။ ပြန့်ကြဲနေတဲ့ ဒီတော်လှန်ရေး အလွန် ကာလမှာ ပြန်ကြဲနေတဲ့ လက်နက်တွေကို ထိန်းချုပ် ရလိမ့်မယ်။ နောက်ပြီးတော့ လက်နက်ကိုင် အဖွဲ့တွေ မှိုလိုမပေါက်ဖို့က အရေးကြီးပြီးတော့ အကြမ်းဖက်မှု နောက်တစ်ကြော့ ပြန် မဖြစ်စေရေးက အရေးကြီး ပြီးတော့ တည်ငြိမ်တိုးတက်တဲ့ တိုင်းပြည်ကို တည်ဆောက်သွားရမှာ ဖြစ်တယ်။ နောက်ပြီးတော့ ပါဝင် ပတ် သက်သူတွေ အားလုံး သဘောတူညီချက် ရယူနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ဒီ နိုင်ငံရေး သဘောတူညီချက်ပေါ့နော” 

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းက တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ကိစ္စကို KNU အနေနဲ့ ဘယ်တုန်းကမှ မငြင်းခဲ့သလို ပြီးခဲ့တဲ့ ဖြစ်စဉ်တွေထဲက ရလာတဲ့ အတွေ့အကြုံတွေအပေါ်မှာ တွေ့ဆုံ ဆွေးနွေးပွဲဆိုတာ ပုံစံတစ်မျိုးနဲ့ လုပ်ရမှာ သေချာတယ်လို့ ပဒိုတောနီးက ပြောဆိုထားပါတယ်။

ပဒိုစောတောနီးပြောဆိုတဲ့ အချက်တွေထဲ စစ်တပ်ဟာ နိုင်ငံရေးကနေ စွန့်ခွာပြီး ကာကွယ်ရေး တာဝန်ပဲ ထမ်း ဆောင်ရမယ်ဆိုတဲ့ကိစ္စ၊ ပြည်ထောင်စုတပ်မတော်အဖြစ် ဖွဲ့စည်းဖို့ ဦးတည်ရမယ့်ကိစ္စနဲ့ စစ်တပ်ဟာ အရပ်သား အုပ်ချုပ်မှုအောက်မှာ ရှိရမယ် ဆိုတာတွေ ပါဝင်ပါတယ်။

KNU ရဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေထဲ အထူးသဖြင့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ နိုင်ငံတကာက ပါဝင်ရေးအပြင် စစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှုအားလုံးအတွက် တာဝန်ယူ တာဝန်ခံရတယ်လို့ ထောက်ပြထားပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့ လုပ်ခဲ့တဲ့ KNU ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါတဲ့ တပ်မ တော် တစ်ခုကို တည်ဆောက်ဖို့အပြင် ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နဲ့ ရှေ့ဆက်သွားရ မယ် ဆိုတဲ့ ကိစ္စတွေကို ပြောဆိုထောက်ပြလိုက်ပါတယ်။