နိုင်ငံရေး အကျဉ်းသား မျက်စိဆေးကုသခွင့် ငြင်းပယ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။

ထားဝယ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို ထောင်အာဏာပိုင်များဘက်မှ မျက်စိဆေးကုသ ခွင့် မပေးခဲ့ကြောင်း မိသားစုဝင်က ပြောသည်။

မျက်စိဝေဒနာခံစားနေရသူမှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်တွင် နေထိုင်သည့် အသက် ၅၇ နှစ်အရွယ်၊ ဦးထွန်းဝေ ဆိုသူဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တို့ဖြင့် ထောင်ဒဏ် ၉ နှစ် အမိန့်ချခံထားရသူ ဖြစ်သည်။

ဦးထွန်းဝေ မှာ ၂၀၂၁ ခုနစ်ကတည်းက ထောင်ချခံထားရကာ အကျဥ်းထောင်ထဲမှာ ရှိနေချိန်၌ မျက်လုံး တိမ်စွဲခဲ့ ခြင်း ဖြစ်ပြီး လက်ရှိတွင် မျက်လုံးနှစ်လုံးလုံး အဖြူရောင်ဖြစ်နေပြီး မျက်စိကွယ်လုနီးပါးအထိ ဖြစ်နေသည်ဟု အကျဥ်းဦးစီးအရာရှိတစ်ဦးက အတည်ပြု ပြောဆိုသည်။

ထောင်ပိုင်ဆီသို့ ခွဲစိတ်ကုသနိုင်ရန်အတွက် စာတင်ခဲ့သည်မှာ ဆယ်ကြိမ်ခန့်ရှိနေပြီ ဖြစ်ပြီး၊ လက်ရှိအချိန်ထိ ပြင်ပဆေးရုံသို့ ခေါ်ဆောင်ကုသပေးခြင်းမျိုး မရှိသေးကြောင်း မိသားစုဝင်တစ်ဦးက ပြေသည်။

မိသားစုဝင် တစ်ဦးက “လူတွေကြည့်ရင် ခပ်ရိပ်ရိပ်ပဲတွေ့ရတယ် ပြောတယ်။ ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားလို့ မရတော့အောင် အခြေ အနေ ဆိုးနေတာ။ ထောင်ပိုင်ဆီလည်း စာတင်တာ ဆယ်ကြိမ်လောက်ရှိပြီ” ဟု ပြော သည်။

အကျဥ်းသား တစ်ထောင်ကျော်ရှိသည့် ထားဝယ် အကျဥ်းထောင်တွင် သာမာန်ဖျားနာ ဝေဒနာများကိုသာ ကုသ ပေးနိုင်သော ဆေးခန်းတစ်ခုသာ ရှိနေသည်ဟု အကျဥ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကလည်း လောင်းလုံးမြို့နယ်မှ နိုင်ငံရေး အကျဥ်းသားတစ်ဦး ထောင်ထဲ တွင် အမောဖောက်လာသဖြင့် ပြင်ပဆေးရုံသို့ ပို့ဆောင်ချိန် သေဆုံးခဲ့သည့်ဖြစ်စဥ်လည်း ရှိခဲ့ဖူးသည်။