စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းသွားသူ အလောင်းသာ ပြန်တွေ့ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။
လောင်းလုံးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးစဉ် ရွာသားတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက် သေဆုံးလျက် ပြန်တွေ့ခဲ့ရသည်ဟု ရွာသားများက ပြောသည်။
သေဆုံးသွားသူမှာ လေးသွန်းခံရွာသား အသက် ၂၆ နှစ်အရွယ် ကိုညီငယ် ဆိုသူဖြစ်ပြီး တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာ အုပ်စု၊ ရပ်သိမ်ကျေးရွာ ဘုရားတောင်အနီး ဇန္နဝါရီလ ၇ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကိုညီငယ်၏ အလောင်းကို တွေ့ရှိချိန်တွင် ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာ၊ သေနတ်ဒဏ်ရာမျိုး မတွေ့ရှိရကြောင်း ရွာသားများက ပြောသည်။
လောင်းလုံးမြို့နယ်အတွင်း ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက စစ်ကြောင်းထိုးစဥ် လေးသွန်းခံ ကျေးရွာအနီး ကိုညီငယ်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွှတ်မြောက်လာသူ ရွာသားတစ်ဦးက “ကိုညီငယ် အပါအဝင် ဖမ်းဆီးခံရသူ ၁၀ ဦးကို ဇန္နဝါရီလ ၂ ရက်နေ့က ပြန်လွတ် ပေးလိုက်တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်မှ ပြန်လွှတ်ပေးလိုက်သော်လည်း ရွာသို့ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသဖြင့် ရွာသားများ က လိုက်ရှာနေကြခြင်းဖြစ်သည်။
သေဆုံးသွားသူ ကိုညီငယ်မှာ လေဖြန်းထားဖူးသူတစ်ဦးဖြစ်ကာ စိတ်ကျန်းမာရေးချို့တဲ့နေသူ တစ်ဦးဖြစ်ကြောင်း ရွာသားများက ပြောသည်။
ကိုညီငယ်၏ ရုပ်အလောင်းကို လေးသွန်းခံကျေးရွာသို့ ပြန်လည် သယ်ဆောင်လာပြီးနောက် ဇန္နဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင် မီးသင်္ဂြိုဟ်လိုက်ကြသည်။