တနင်္သာရီတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ဝါးခုတ်သွားသည့် ရွာသားတစ်ဦး ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

တနင်္သာရီမြို့နယ်၊ မော်တုံးကျေးရွာအုပ်စုရှိ မြို့ဟောင်းကျေးရွာသား အသက် ၄၅ နှစ်အရွယ် ဦးကာမိဆိုသူမှာ ဝါးခုတ်သွားစဉ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

“တနင်္သာရီမြို့နယ်ဆေးရုံမှာ ဘယ်ဘက် ခြေထောက်ဖြတ်လိုက်ရပေမဲ့ မသက်သာလို့ ဒီဇင်ဘာ ၃၁ ရက်နေ့က မြိတ်စစ်ဆေးရုံကို ပြောင်းပြီး ဆေးကုပေးနေရတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ ညာဘက်ပါ ထပ်ပြီး ဖြတ်လိုက် ရတယ်” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ဦးကာမိ မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ဝါးခုတ်သွားစဉ် မိုင်းနင်းမိခဲ့ပြီး အခင်းဖြစ်သည့်နေ့ တွင် ဘယ်ဘက်ခြေထောက် အရင်ဖြတ်လိုက်ရပြီးနောက် ဆေးကုသမှုခံယူနေရင်း ညာဘက်ခြေထောက်ပါ ထပ်ဖြတ်လိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ အမှတ် ၃၀၆ အမြောက်တပ်ရင်း တောင်ဘက် ပေ ၁ဝဝ ခန့်အကွာတွင် မိုင်းနင်း မိခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဆိုသည်။

အဆိုပါ နင်းမိခဲ့သည့်မိုင်းမှာ အမတ ၃၀၆ တပ်ရင်းက ထောင်ထားသည့်မိုင်းသာ ဖြစ်ကြောင်း ရွာသားများက ဆိုကြသည်။
အမတ ၃၀၆ တပ်ရင်း က မိုင်းထောင်ထားသည့် နေရာသည် ပြည်သူများ အဓိက သစ်ခုတ်၊ ဝါးခုတ် သွားလာနေ ကြလမ်း ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့သော နေရာမျိုးတွင် မထောင်ထားသင့်ကြောင်း ရွာသားများက ဆိုသည်။

မိုင်းနင်းမိပြီး ခြေထောက် နှစ်ဖက်လုံးဖြတ်လိုက်ရသည့် ဦးကာမိ၏ လက်ရှိအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ အတွင်းကလည်း အရှေ့မော်တုန်း အမြောက်တပ် – ၃၀၆ ကနေ ပစ်ခတ်ခဲ့ သည့် လက်နက်ကြီးကျည် ထိမှန်ခဲ့သည့်အတွက် အရှေ့မော်တုန်းကျေးရွာမှ ရွာသား ၂ ဦး သေဆုံးခဲ့ဖူးသေး ကြောင်း ရွာသားများက ပြောသည်။

ထို့အပြင် ဦးကာမီ မိုင်းမနင်းမိခင် ရက်သတ္တပတ်ကလည်း အမှတ် ၃၀၆ အမြောက်တပ်ရင်း၏ မြောက်ဘက် တောင်ကုန်းစားကျက်တွင် လွှတ်ထားသည့် နွားတစ်ကောင် မိုင်းနင်းမိပြီး သေဆုံးခဲ့သေးသည်ဟု ရွာသားများက ဆိုသည်။

စစ်အာဏာသိမ်းပြီးချိန်မှ စတင်ပြီး လက်ရှိအချိန်အထိ တနင်္သာရီတိုင်းအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ၁၀ ဦးထက် မနည်းရှိနေပြီ ဖြစ်သည်။