ဆီဆိုင်ရှိ ရဲစခန်းနှင့် တပ်စခန်းကို တော်လှန်ရေး တပ်များ သိမ်းယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ် စခန်း များကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပြီဟု ပအိုဝ်းတော်လှန်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ကပင် ထွက် ပြေးတိမ်းရှောင်သွားသည် ဖြစ်ရာ ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ စခန်းများကို သိမ်းပိုက်နိုင်ခဲ့ ခြင်း ဖြစ်သည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အခု ကျနော်တို့ လုံခြုံရေးလှုပ်ရှားမှု ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါက ပြည်သူတွေ အေးချမ်းသာယာစွာ သွား လာ နေထိုင်နိုင်အောင် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ PNLA ထိန်းချုပ်မှု နယ်မြေအတွင်း မှာ လူဆိုး၊ သူခိုး၊ ဓါးပြကလွဲပြီးတော့ မိဘပြည်သူတွေ အေးချမ်းသာယာစွာ သွားလာ နေထိုင်နိုင်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများ ထွက်ပြေး၍ ၎င်းတို့၏ တပ်စခန်းတို့အား အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည် ဟု PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်၏ ခမရ (ခြေမြန်တပ်ရင်း) ၄၂၃၊ ၄၂၄၊ ဆီဆိုင်မြို့နယ် ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးများကို PNLA တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုများက သိမ်းယူနိုင်ခဲ့ပြီး ဇန္နဝါရီလ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ပအိုဝ်း အလံများ လွှင့်ထူထားသည်ဟု ဆိုသည်။
စခန်းမသိမ်းပိုက်မီ (ဇန္နဝါရီလ ၂၄ ရက်နေ့ ကတည်းက လွိုင်ကော် – ဆီဆိုင်လမ်းမကြီးရှိ စစ်ကောင်စီ စခန်းများ အား မဟာမိတ်တော်လှန်ရေး အင်အားစုများက မီးရှို့ဖျက်ဆီးခဲ့ပြီး လမ်းတစ်လျှောက် ပိတ်ဆို့၍ နေရာယူထား သည်ဟု ဆိုသည်။
ဆီဆိုင်မြို့နေ PNLA တပ်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “စစ်တပ်က ၂ ခုပဲ ရှိတာ။ ၂ ခုလုံးရသွားပြီ။ ဒါပေ မယ့် တစ်မြို့လုံး သိမ်းနိုင်ပြီလို့တော့ ပြောလို့မရသေးဘူး။ စစ်တပ်က စစ်ကူ တောက်လျှောက်ပို့ပြီး ခံပစ်နေ သေးတယ်။ လေယာဉ်လည်း ကြဲနေတယ်။ ထူးဆန်းတာက PNA ပြည်သူ့စစ်တွေ ခံမပစ်ကြဘူး” ဟု ပြော သည်။
လတ်တလော ဆီဆိုင်မြို့ခံများနှင့် ကရင်နီ စစ်ဘေးရှောင်များမှာ တောင်ကြီးမြို့သို့ စစ်ဘေးရှောင်နေကြပြီး မပြေ လည်သည့် မိသားစုများအတွက် အကူအညီ လိုအပ်နေကြသည်ဟု ဆိုသည်။
သို့သော် လက်ရှိ တောင်ကြီးမြို့မှာ ဆီဆိုင်မြို့နှင့် မိုင် ၇၀ ကျော်ခန့်သာ ဝေးသည့်အပြင် အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် အခြေစိုက်သောကြောင့် ဒေသခံများနှင့် စစ်ဘေးရှောင်များ စိုးရိမ်ပူပန်နေကြသည်။
ဆီဆိုင်မြို့တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ိခုက်မှုကြောင့် ဇန္နဝါရီလ ၂၂ ရက်နေ့ညမှ ၂၅ ရက်နေ့အထိ ကုလားကုန်း၊ ကယန်းပိုင်း၊ မြကန်သာ၊ ပုံးလောင်း စသည့် ရပ်ကွက်များမှ အရပ်သား ၆ ဦးထက်မနည်း သေဆုံး ခဲ့ပြီး ၂၀ ထက်မနည်းလည်း ပြင်းထန်ဒဏ်ရာ ရခဲ့သည့်အပြင် လူနေအိမ် အလုံးရေ ၂၀ ထက်မနည်း မီးလောင်ပြာ ကျ ပျက်စီးခဲ့သည်။