စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် အတင်းအဓမ္မစစ်သား စုဆောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့က အဓမ္မလူသစ် စုဆောင်းပြီး လက်နက်တပ်ဆင်ပေး နေသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ ဖြစ်သည့် ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တွင် စစ် ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) တို့က အဓမ္မ တပ်သားသစ် စုဆောင်းနေ ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အသက် ၄၀ အရွယ် ရွာခံ အမျိုးသားတစ်ဦးက “သူတို့က ကင်းလှည့်ခိုင်းမယ်လို့ ပြောတာပေါ့နော်။ ရွာမှာရော တိုက်ပွဲ ဖြစ်တဲ့နေရာရော ပါတာပေါ့။ ဘယ်နေရာ တာာဝန်ကျမလဲ ဆိုတာတော့ မသိရသေးပါဘူး။ သင်တန်း တော့ တက်ရမှာပေါ့” ဟု ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ဆုံးဖြတ်ချက်အရ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၃၂ ရွာ တွင် ကင်းလှည့်ခိုင်းမည်ဟုဆိုကာ ဇန္နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ စုဆောင်းခဲ့ခြင်း ဖြစ်သည်။

အသက် ၁၈ မှ ၃၅ နှစ်ကြား အမျိုးသားများကို တစ်ရွာလျှင် ၅ ဦးနှုန်းဖြင့် စုဆောင်းနေပြီး စငေါကျေးရွာအုပ်စု အတွင်း အယောက် ၁၆၀ ပေးရမည်ဟု ဆိုသည်။

ထို့အပြင် တစ်အိမ်လျှင် စားနပ်ရိက္ခာကြေးအဖြစ် တစ်သိန်းကျပ် ပေးဆောင်ရမည်ဖြစ်ပြီး မပေးဆောင်နိုင်သည့် အိမ်များတွင် တစ်သိန်းကျပ်နှင့် တန်ဖိုးညီမျှသည့် ပစ္စည်းများကို သိမ်းဆည်းသွားမည်ဟု ဆိုသည်။

အလားတူ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာ အချို့တွင်လည်း တစ်ရွာလျှင် အမျိုးသား ၄ ဦး နှုန်းဖြင့် တပ်သားသစ် စုဆောင်းနေပြီး လက်နက်ပါ တပ်ဆင်ပေးသည်ဟု ရွာခံ အမျိုးသား တစ်ဦးက ပြောသည်။

“အထူးဒေသ ၆ မှာ လက်နက်ပေးနေပြီ။ အရင်နှစ်က သူတို့ သင်တန်းပေးတဲ့လူတွေ အင်အားက မနည်းဘူး နော်။ အခုလည်း ထပ်စုနေတယ်။ အမိန့်အရဆိုတော့ မဖြစ်မနေ ဝင်တဲ့လူက ရှိလိမ့်မယ်။”

စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်အဖွဲ့ PNA တို့၏ လူသစ်စုဆောင်းမှုကြောင့် လူလတ်ပိုင်း အမျိုးသား အများစုမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေရပ်သို့ပင် မပြန်ရဲကြ ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့် PNA အနေဖြင့် ဆီဆိုင်မြို့ တိုက်ပွဲစတင်သည့် ဇန္နဝါရီလ ၂၃ ရက်မှစပြီး ဟိုပုံးမြို့တွင် စစ်ရေးအပြင်းအထန် ပြင်ဆင်နေသည်ဖြစ်ရာ အခြေခံပညာ ကျောင်းများကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း ပင်လောင်းမြို့နယ်၊ အထူးဒေသ ၆ တွင် စစ်ကောင်စီတပ် နှင့် PNA ပြည်သူ့စစ်တပ်များက စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးခဲ့ရာ ရွာခံ လူငယ်အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးသည်။