မြတ်မော်တင် စေတီ ရင်ပြင်ချဲ့ရန် ဆိုပြီးတောင်သူများထံ က ကြေးဖြတ် အလှူခံ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

ဧရာဝတီတိုင်း စစ်ကောင်စီသည် တိုင်းအတွင်း ရှိ ရှေးဟောင်း သမိုင်ဝင်စေတီ တစ်ဆူဖြစ်သည့် မြတ်မော်တင် စွန်းစေတီ ရင်ပြင်တော် တိုးချဲ့ ရန်ဟုဆိုကာ ဒေသတွင်းရှိ တောင်သူများထံမှ အတင်းအကြပ် အလှူခံ နေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအခြေအနေမှာ ပုသိမ်ခရိုင်အတွင်းက ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ကျောင်းကုန်းစသည့် မြို့နယ်များ အ တွင်းမှာ နေထိုင်သော တောင်သူများထံမှ စစ်ကောင်စီ၏ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က တဆင့် ရပ်ကျေး အုပ် ချုပ်ရေးအဖွဲ့များကို ထပ်ဆင့်ညွှန်ကြားပြီး သတ်မှတ်ကြေးဖြတ်ကာ အတင်းအကြပ်တောင်းခံနေခြင်း ဖြစ်သည်။

“အလှူခံတာက မိုက်ကြေးခွဲသလို ဆက်ကြေးတောင်းသလို ဖြစ်နေတယ်။ သတ်မှတ်ကြေးအတိုင်း မပေးရင် စိုက်ဘဏ်ချေးငွေကနေ ဖြတ်မယ်။ ပုံစံ ၇ (လယ်ယာမြေပိုင် ဆိုင်ခွင့်) လက်မှတ်ကိုလည်း အာမခံအဖြစ် ပေးရ မယ်ဆိုပြီး အကြပ်ကိုင်တယ်” ဟု ငပုတောမြို့နယ် အတွင်းက တောင်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီက အလှူငွေကို ကြေးသတ်မှတ် တောင်းရာမှာ တောင်သူများက ၎င်းတို့ ပိုင်ဆိုင် လုပ်ကိုင်သော လယ်မြေ တစ်ဧကကို ကျပ်တစ်သောင်းနှုန်းဖြင့် လယ်ယာမြေပိုင်ဆိုင်မှု အရေအတွက်အရ ပေးသွင်းရမှာ ဖြစ် သည်ဟု ဆိုကြသည်။

ဧရာဝတီတိုင်း အတွင်း နေထိုင်သူများ အနက် ‌၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်သူများ ဖြစ်ပြီး လယ် ၅ ဧကနှင့်အထက် ပိုင်ဆိုင် လုပ်ကိုင်သူ ၄၀ ရာခိုင်နှုန်းဖြစ်ပြီး ကျန်သူများမှာ ၅ ဧက အောက် ပိုင်ဆိုင် လုပ်ကိုင်သူများနှင့် နေ့စားလုပ် လယ်ယာလုပ်သားများ ဖြစ်သည်။ တစ်တိုင်းလုံး၏ စိုက်ပျိုးမြေဧက ၃ ဒဿမ ၈ သန်းရှိသည်။

ကျေးလက်နေ တောင်သူများ အနေဖြင့် ဗုဒ္ဓဘာသာဝင်များ သာမက အခြားဘာသာဝင် တောင်သူများပါ မဖြစ် မနေ အလှူငွေ ထည့်ဝင်ရမှာဖြစ်သည့်အတွက် သတ်မှတ်အလှူငွေကို အခြား ဘာသာဝင် တောင်သူများထံမှ တောင်းပေးရန်မှာ အခက်အခဲရှိသည်ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က ဆိုသည်။

ပုသိမ်မြို့နယ်ရှိ ရပ်/ ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက “ဧရာဝတီတိုင်းမှာက ခရစ်ယာန် ဘာသာဝင်တွေပဲ နေတဲ့ တိုင်းရင်းသားရွာတွေ ရှိတယ်။ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာဝင် တောင်သူတွေ ပြန့်နှံ့နေထိုင်ကြတာ လည်း ရှိတယ်။ အဲ့ဒီလို ဘာသာခြား တောင်သူ‌တွေဆီက ဗုဒ္ဓဘာသာ စေတီအလှူအတွက် ကြေးဖြတ် တောင်း ပေးရမယ် ဆိုတာက မလွယ်ဘူး” ဟု ပြောသည်။

‌ဧရာဝတီတိုင်း စစ်ကောင်စီ၏ စီမံ/ဘဏ္ဏာဝန်ကြီး ဦးတင်အေးက မြတ်မော်တင်စွန်း စေတီရင်ပြင်တော် တိုးချဲ့ ရန် အတွက် ဘဏ္ဏာငွေ လိုအပ်ချက်ရှိ‌ကြောင်း ဇန္နဝါရီလ ဒုတိယပတ်အတွင်းက တိုင်းစစ်ကောင်စီ အစည်း အဝေး၌ တင်ပြခဲ့သည်။

ထိုသို့ တင်ပြပြီး နောက်ပိုင်း တိုင်းဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်မောင်ဝင်းက တောင်သူများထံမှ ကြေးသတ်မှတ် တောင်းယူပြီး ဘဏ္ဏာငွေရှာရန် ညွှန်ကြားခဲ့သည်ဟု ဧရာဝတီတိုင်း စစ်ကောင်စီရုံး ဝန်ထမ်း အချို့က၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာလ အတွင်းက ပုသိမ်မြို့ရှိ ရွှေမုဋော စေတီတော်မြတ်ကြီးကို ရွှေပြား သင်္ကန်း ကပ်လှူရန်ဆို ကာ စစ်ကောင်စီ၏ ညွှန်ကြားချက်အရ ဂေါပကအဖွဲ့က စေတီ၏ သာသနာမြေအား ငှားရမ်းဆောက် လုပ် နေ ထိုင် ရောင်းဝယ်ကြသော တိုက်ခန်းများနှင့် ဆိုင်ခန်းပိုင်ရှင်များထံက သတ်မှတ်ကြေး ဖြတ်ကာ အကြပ်ကိုင် ခြိမ်း ခြောက် အလှူခံခဲ့သေးသည်။

မြတ်မော်တင်စွန်း စေတီသည် ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ဒေသ မော်တင်စွန်းအငူ၌ တည် ရှိသော ရှေးဟောင်းစေတီတစ်ဆူ ဖြစ်ပြီး နှစ်စဉ် တပေါင်းလတွင် စေတီ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလေ့ ရှိသည်။

အဆိုပါ စေတီ၏ ကားဖြင့်သွားပါက ပုသိမ်မြို့မှ ၉၈ မိုင်‌ခရီးရှိပြီး ရေလမ်းမှ လျှပ်ပြေးသင်္ဘော အမြန် ရေယာဉ် ဖြင့် သွားပါက ၈ နာရီ ကြာခရီး ဖြစ်သည်။