ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ၏ အကောင့်တုမှ အမုန်းစကားများ ဖြန့်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ၏ အကောင့်တုမှ အင်တာနက်ပေါ်တွင် အမုန်းစကားများ ဖြန့်ဝေထားသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌဖြစ်သူ ခွန်မြင့်ထွန်း၏ နာမည်နှင့် အကောင့်အတု ဖွင့်ပြီး လူမှုကွန် ရက် စာမျက်နှာ (Facebook) ပေါ်တွင် အမုန်းစကား ဖြန့်ဝေနေသည်ဟု Facebook နေ့စဉ်သုံးစွဲနေသော ပအိုဝ်း လူငယ်များက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ဒီလိုမျိုး လုပ်တာတွေကတော့ သူတို့ တော်လှန်ရေးကို ပုံဖျက်ဖို့အတွက် နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေတဲ့ အပေါ် မှာ မကြေနပ်တဲ့ အင်အားစုတွေ အထူးသဖြင့် ကျနော်တို့ ဒီစစ်တပ်မှာက စိတ်ဓါတ်စစ်ဆင်ရေး၊ ဝါဒ ဖြန့်ချီရေး ဌာနတွေက ရှိနေတော့ အဲဌာနတွေရဲ့ လက်အောက် ဌာနခွဲမျိုးကလည်းပဲ ဒီလိုမျိုး လုပ်ရပ်တွေကို ကျနော်တို့ တွေကိုမှ မဟုတ်ပါဘူး။ အခြားသောနေရာတွေမှာလည်းပဲ စနစ်တကျ လုပ်နေမှာ ဖြစ်ပါတယ်။ ဒါကတော့ တော်လှန်ရေးကို ပုံပျက်အောင် လုပ်နေတာပါ” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပေါ်လာသည့် ခွန်မြင့်ထွန်း အကောင့်တုမှ မဟုတ်မမှန် နိုင်ငံရေး သတင်းများ နေ့စဉ်တင်ဆက်လေ့ရှိပြီး မှတ်ချက် (Comment) ပေးသူများကိုလည်း အပြန်အလှန် ဆဲဆိုကာ အမုန်းစကား ဖြန့်ဝေနေခြင်း ဖြစ်သည်။

ခွန်မြင့်ထွန်း၏ ကိုယ်ပိုင်အကောင့်မှာ အင်္ဂလိပ် စာလုံးပေါင်း “Khun Myint Tun” ဆိုပြီး ဖွင့်ထားသော်လည်း အကောင့်တုမှာမူ “Hkun Myint Htun” ဆိုပြီး စာလုံးပေါင်းပြောင်းထားသည်။

ထို့အပြင် PNFC ဥက္ကဋ္ဌ၏ အကောင့်အစစ်မှာ မှတ်ချက် ကောင်းပေးသော အကောင့်များကို ဖြစ်စေ၊ မှတ်ချက် ဆိုးပေးသော အကောင့်များကို ဖြစ်စေ မှတ်ချက်ပေးလေ့ မရှိသော်လည်း အကောင့်တု၌မူ အပြန်အလှန် မှတ် ချက်များ ပေးကာ ဆဲဆိုထားသည်ဟု PNFC ဥက္ကဋ္ဌ က ခွန်မြင့်ထွန်းက ဆက်ပြောသည်။

“ကျနော်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ရင် ဒီလိုမျိုး လုပ်ကြံဖန်တီးတဲ့ လူတွေကတော့ ကျနော်တို့ကို ပုဂ္ဂိုလ်ရေး အရရော၊ အဖွဲ့အစည်းလိုက်ရော၊ ပြီးတော့ တော်လှန်ရေးကိုရော ပုံပျက်အောင် နည်းလမ်းမျိုးစုံနဲ့ ထင်ထင်ရှား ရှား လုပ်လာကြတယ်ပေါ့နော်။ ပြည်သူလူထုနဲ့ ကျနော်တို့ရဲ့ ကြားမှာလည်းပဲ ဒီလိုသပ်လျိုသွေးခွဲတာတွေ ပုံ မှား ရိုက်ပြီးတော့မှ လုပ်နေတာတွေ ဒါတွေအပေါ်မှာတော့ ရန်သူဘက်က ကျနော်တို့ကို ပစ်မှတ်ထားပြီး နေ့ မအား၊ ညမနား လုပ်မှာပဲ။ ကျနော်တို့ကတော့ ဒီလိုမျိုး လုပ်ရပ်တွေအပေါ်မှာ လိုက်ပြီးမှ ဖြေရှင်းမနေဘူး။ လုပ်နေဖို့ လည်း အချိန်မရှိပါဘူး။”
ထို့အပြင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ပြည်သူများနေထိုင်သော ရပ်ရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးသားထားသည့် ထုတ်ပြန်စာအတုကိုလည်း မတ်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီကို ထောက်ခံသော စစ်လော်ဘီများက တယ်လီဂရမ်ချန်နယ် (Telegram Channel)မှ တဆင့် ဖြန့်ဝေခဲ့ကြသည်။

ပအိုဝ်းဒေသများဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်းက ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်များ၌ စစ်ကောင်စီ တပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA ပူးပေါင်းတပ်တို့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA တို့အကြား ယခုနှစ် ဇန္နဝါရီလကစပြီး တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ပွဲများ ဖြစ်လာပြီးနောက် စစ်ကောင်စီကို ထောက်ခံသော တယ်လီဂရမ်ချန်နယ်တွင မမှန်ကန်တဲ့ သတင်းများ၊ ထုတ်ပြန်စာအတုများကို ထုတ်ပြန်နေသည့်အပြင် ယခုနောက်ပိုင်း PNFC ဥက္ကဋ္ဌ ၏ နာမည်ကို သုံး ပြီး အကောင်တုများဖွင့်ကာ အချင်းချင်းကြား ပဋိပက္ခများဖြစ်အောင်၊ တော်လှန်ရေးကို ထိခိုက်အောင် လုပ် လာနေခြင်း ဖြစ်သည်ဟု ပအိုဝ်းလူငယ်များက ပြောသည်။