စစ်ကောင်စီ ထောက်ခံသူများက PNLA မှ ကျေးရွာများအား မီးရှို့ဖျက်ဆီးသည်ဟု သတင်းမှားဖြန့်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်။ မတ်လ ၁၆ ရက်နေ့။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ လူနေအိမ် များအား ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)က မီးရှို့ဖျက်ဆီးခဲ့သည်ဟု လူမှုကွန်ရက် စာမျက်နှာ (Facebook)နှင့် တယ်လီဂရမ်ချန်နယ် (Telegram Channel) များတွင် သတင်အမှား ဖြန့်ဝေထားသည်။

PNLA ၏ တံဆိပ်တုံး၊ ဗိုလ်မှူးခွန်မင်းသိန်းတို့၏ ဖုန်းနံပါတ် ပါရှိသည့် ထုတ်ပြန်စာအတုတွင် မတ်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ၊ ပအိုးပြည်သူ့စစ် (PNA) ပူးတပ်များ ထိုးစစ်မဆင်နိုင်ရန်အတွက် ကျေးရွာအနည်းငယ် အား မီးရှို့ခဲ့သည်ဟု ဝန်ခံထားသည်။

PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အဲဒါကတော့ ကျနော်တို့ ထုတ်ပြန်ထားတာ မဟုတ်ပါ ဘူး။ အဲဒီဟာက မသမာသူတွေ ထုတ်ပြန်ချက်အတုတွေ လုပ်ပြီးတော့မှ တော်လှန်ရေးနဲ့ ပြည်သူလူထုကြားကို သွေးခွဲနေတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ ဒီလိုမျိုးအတုအယောင်တွေကို သတိပြုကြဖို့ တိုက် တွန်းချင်ပါတယ်။ ကျနော်တို့နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျနော်တို့ တရားဝင် စာမျက်နှာကနေပဲ ထုတ်ပြန် ပါတယ်” ဟု ပြောသည်။

ထုတ်ပြန်ချက်အတုတွင် PNLA မှ မီးလောင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် များအား ဒီမိုကရေစီ ရရှိသည့် အချိန်တွင် ကာလပေါက်ဈေးအတိုင်း ပေးလျော်သွားမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

“အဲ့လိုမျိုး ရွာကို မီးရှို့တာ၊ ဘုန်းကြီးကျောင်းကို မီးရှို့တယ်ဆိုတာက တော်လှန်ရေး တပ်ဖွဲ့တွေ မလုပ်ပါဘူး။ တော်လှန်ရေး တပ်ဖွဲ့တွေက မတရားမှုကို မလိုချင်လို့ အာဏာရှင် စနစ်ကို မကြိုက်လို့ တော်လှန်နေတဲ့ တပ်ဖွဲ့ တွေ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ရက်စက်ယုတ်မာ အောက်တန်းကျတဲ့ အလုပ်ကို လုပ်တာဟာ ဒီအကြမ်းဖက် စစ် ကောင်စီပဲ ရှိပါတယ်။ ဒါကြောင့် အခုစာကလည်း အဲဒီ စစ်အာဏာရှင်စနစ်ရဲ့ လက်ပါးစေတွေက လုပ်ကြံနေတဲ့ အတုသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့အပြင် စစ်ရေးတင်းမာနေသည့် ကာလ၌ ပြည်သူများ အနေဖြင့် သတင်းမှားပေးခြင်း၊ အမိန့်အား မလိုက်နာ ခြင်း၊ အခွန်မပေးဆောင်ခြင်း၊ စစ်မှုထမ်းရန် ငြင်းဆန်ခြင်း၊ အဖွဲ့အစည်းအား ဖိဆန်ခြင်း စသည့် လုပ်ရပ်များ ပြု လုပ်ပါက PNLA အနေဖြင့် အသက်အာမခံချက် မပေးနိုင်ဘူးဟုလည်း ခြိမ်းခြောက်ထားသည်။

PNLA သတင်းများအား PNLO info နှင့် PNLA News and Information Department စသည့် တရားဝင်စာမျက်နှာ (Page) ၂ ခုတွင်သာ တင်ဆက်ပေးနေပြီး အခြား စာမျက်နှာများအား မယုံကြည်ကြရန် အဖွဲ့တာဝန်ရှိသူများက ပြောဆိုထားသည်။

အလားတူ စစ်ကောင်စီ ထောက်ခံသူများသည် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၏ အမည်ဖြင့်လည်း ဖေစ့်ဘွတ်ခ်ပေါ်တွင် အကောင့်တု ဖွင့်လှစ်ထားပြီး အပြန်အလှန် မှတ်ချက် (Comment) များတွင် ဆဲဆို၍ အမုန်းစကားများ ဖြန့်ဝေနေသည်ဟု အင်တာနက်အသုံးပြုသည့် ပအိုဝ်းလူငယ်များက ပြောသည်။