စစ်မှုထမ်းများအတွက် ထောက်ပံ့ကြေးအဖြစ် တစ်အိမ်ကို ငွေသုံးသောင်းတောင်း

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်။

ရေဖြူမြို့နယ်၊ မိကျောင်းလှောင်းကျေးရွာ (ရွာသစ်)တွင် စစ်မှုထမ်းမည့် သူများအတွက် ထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်ကို ကျပ်သုံးသောင်းနှုန်းဖြင့် အုပ်ချုပ်ရေးမှူးက ကောက်ယူနေသည်ဟု ရွာသားများက ပြော သည်။

အိမ်ခြေ ၁၅၀ ခန့်ရှိသည့် မိကျောင်းလှောင်း (ရွာသစ်) တရွာလုံးကို အစည်းအဝေး ခေါ်ယူပြီးနောက် အုပ်ချုပ်ရေးမှူးမှ ရွာထဲရှိ လူငယ်များ စစ်မှုထမ်း မလိုက်ချင်သောကြောင့် အခြားရွာမှ လူများကို ရှာထည့်လိုက်ပြီဖြစ်၍ ၎င်းတို့အား ထောက်ပံ့ရန်ဟုဆိုကာ ယခုကဲ့သို့ ငွေကောက်ခံရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အစည်းအဝေး တက်ရောက်ခဲ့သည့် အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “ရွာသားတွေအကုန်လုံးက သား သမီးဇောနဲ့ ဆိုတော့ လတ်တလော အဆင်ပြေရင်ပြီးရော ဆိုပြီး ပိုက်ဆံထည့်ခဲ့ကြတာ။ တချို့ဆိုရင် စားဖို့ တောင် အနိုင်နိုင်ကြားထဲက ရှာဖွေ ထည့်ကြရတာဆိုတော့ အရမ်းသနားဖို့ ကောင်းပါတယ်” ဟု ပြောသည်။

ကျေးရွာအတွင်းရှိ အိမ်တိုင်းစေ့နီးပါး အစည်းအဝေး တက်ရောက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးက တောင်းခံသည့် ငွေ ကြေးကိုလည်း တခါတည်းပေးခဲ့ရကြောင်း ရွာသားများက ဆိုသည်။

ထို့အပြင် သားသမီး မထွန်းကားသည့် အိမ်များနှင့် သားသမီး နိုင်ငံခြားရောက်နေသူများကိုလည်း ငွေ ကျပ် ငါးသောင်းဆီ ကောက်ယူခဲ့သေးသည်ဟု ရွာသားများက ပြောသည်။

မိကျောင်းလှောင်းကျေးရွာသစ်နှင့် ကပ်လျက် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲတွင် မိကျောင်းလှောင်း ကျေးရွာ‌ဟောင်း ရှိပြီး လက်နက်ကိုင်များရှိနေသည့် ရွာဟောင်းထဲ၌ လူစာရင်း ကောက်ယူခြင်းနှင့် ငွေကြေး ကောက်ခံခြင်းများ မရှိဘူးဟု ရွာသားများက ပြောသည်။

ရေဖြူမြို့ပေါ် ရပ်ကွက်များနှင့် ကလိန်အောင်မြို့ပေါ် ရပ်ကွက်များတွင်လည်း စစ်မှုထမ်းရန် အတွက် လူဦးရေ စာရင်း ကောက်ယူခြင်းများ လုပ်ဆောင်နေခြင်းများကြောင့် စျေးဆိုင်များ ပိတ်ကာ လမ်းသွားလမ်းလာများ မရှိဘဲ ခြောက်ကပ်နေကြောင်း ဒေသခံများက ပြောသည်။