တောင်ကြီးတွင် လူငယ်အမျိုးသားများအား စစ်မှုထမ်းရန် ခေါ်ယူ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်။ မတ်လ ၂၂ ရက်နေ့။

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးက မြို့ပေါ်ရပ်ကွက် အချို့တွင် လူငယ် အမျိုးသားများကို စစ်မှုထမ်း ခေါ် ယူနေပြီဟု စာရင်းဝင် လူငယ်များ၏ မိသားစုဝင်များက ပြောသည်။

တောင်ကြီးမြို့က မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရွှေတောင်၊ ဈေးပိုင်းနှင့် ပြည်တော်သာရပ်ကွက်မှာ မတ်လ ၁၈ ရက်နေ့က စစ်မှုထမ်းခေါ်ယူခြင်းဆိုင်ရာ အစည်းအဝေး လုပ်ပြီးနောက် တစ်ရပ်ကွက်ကို လူ ၃ ဦးစီ မဲနှိုက် ခေါ်ယူ သွားခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်တော်သာရပ်ကွက်ရှိ စစ်မှုထမ်း စာရင်းဝင် လူငယ်၏ မိသားစုဝင် တစ်ဦး က “ဒီရဲ့ ရပ်ကွက်မှာ ပေါ့နော်။ ၃ ယောက်ရွေးမှာ ၃ ယောက်ထဲမှာ ပါသွားခဲ့လို့ရှိရင် အထက်ကို တင်လိုက်မှာ။ အဲ့ဒါ တကယ်လို့ ကျောင်းတက်နေတဲ့သူ ဆိုရင်ရော ကျောင်းတက်နေတယ် ဆိုရင်တော့ စဉ်းစားပေးမှာပါ။ သူတို့ လျှော့ပေါ့ ပေးမှာပါတဲ့” ဟု ပြောသည်။

စစ်မှုထမ်း ခေါ်ယူခြင်းဆိုင်ရာ အစည်းအဝေး ဖိတ်ကြားသည့် စာ၏ အပေါ်ပိုင်း၌ နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကို စမတ်ကတ် လဲလှယ်ပေးရန်ဟု ရေးသားထားပြီး စာ၏ အောက်ပိုင်းတွင်မူ စစ်မှုထမ်းဆောင်ဖို့နှင့် ပတ်သက်၍ ဆွေးနွေးရန် ဖိတ်ကြားခြင်းဟု ရေးသားဖော်ပြထားသည်။

စစ်မှုထမ်း အကျုံးဝင်သော လူငယ်များက အဓမ္မခေါ်ခံရမှာကို စိုးရိမ်ပူပန်နေကြသည်။ ထို့ကြောင့် အစည်း အဝေးကို လူကိုယ်တိုင်ပင် မတက်တော့ဘဲ မိသားစုဝင်များကပဲ ကိုယ်စား သွားတက်ကြသည်။

ထိုအစည်းအဝေးကို သွားတက်ခဲ့သော စစ်မှုထမ်းအကျုံးဝင် လူငယ်တစ်ဦး မိခင်ဖြစ်သူကလည်း ယခုကဲ့သို့ ပြောသည်။

“သားကို ဘာလုပ်နေလဲတဲ့။ ကျောင်းတက်နေတယ်လို့ပဲ ဖြေရတာပေါ့။ ကျောင်းတက်နေတယ် Third Year လို့ ပြောလိုက်တယ်လေ။ ဘယ်နှစ်လဲတဲ့ တတိယနှစ် Botany လို့။ မဟုတ်ဘူး အဲဒါတွေတော့ ပါတယ်ပေါနော်။ သူ တို့ ဒီရပ်ကွက်ထဲမှာ တစ်ရာနဲ့ ဘယ်လောက်ဆိုလဲ မသိဘူး။ ဘိန်းစားရယ်၊ မိအိုဖအိုကို ပြုစုနေတဲ့ ကောင် ရယ်၊ ကျောင်းသားရယ် ဆိုရင်တော့ သူတို့က သက်ညှာပေးတယ်တဲ့။ ဒါပေမယ့် အခုလောလောဆယ်တော့ သက်ညှာတာက နောက်မှကွယ်၊ အရင်ဆုံး သူတို့က မဲနှိုက်မှာ။”

အစည်းအဝေးကို ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ နန်းအောင်ဂေဟာနှင့် အခြေခံပညာ အထက်တန်း ကျောင်း (အ.မ.က ၉) တို့၌ လုပ်ခဲ့ပြီး မတက်သော အိမ်ထောင်စုများကို ဖုန်းဆက် အကြောင်းကြားပြီး ချက် ချင်း ခေါ်ယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

စစ်မှုထမ်းရန်အတွက် ရွှေတောင်နှင့် ဈေးပိုင်းရပ်ကွက်တို့တွင် မဲနှိုက်ရွေးချယ်သွားမည် ဖြစ်သော်လည်း ရွှေ တောင်ရပ်ကွက်မှာ တက်ကြွစွာ စစ်မှုထမ်းဆောင်ချင်သောသူများ အသင့်ရှိနေသည်ဟု အစည်းအဝေး တက်ခဲ့သူ အချို့က ပြောသည်။