မြဝတီတိုက်ပွဲကြောင့် စစ်ရှောင် ၂ ထောင်ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်။

ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သည့် မြဝတီမြို့ဘက်ခြမ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်သူ နှစ် ထောင်ကျော်ခန့် မဲဆောက်ဘက်ခြမ်းကို ထွက်ပြေးရောက်ရှိလာသည်ဟု မြေပြင်တွင် အကူအညီပေးနေ သူများ က ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ ညနေမှ ဧပြီလ ၂၀ ရက်နေ့ ညနေအထိ စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသားလွတ်မြောက် ရေး တပ်မတော် KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ သည်။

ထိုင်းဘက်ခြမ်းကို ရောက်ရှိလာသော မြန်မာစစ်ဘေးရှောင်များအား ကူညီနေသည့် အဝေးရောက် ဧရာဝတီ အသင်း အတွင်းရေးမှူး ကိုဖိုးသင်္ကြန်က စစ်ရှောင်တွေက ကျနော်တို့ မနက်ပိုင်းမှာတော့ တံတား ၂ နဲ့ အနီး အနားမှာရှိတဲ့ မွေးမြူရေး ခြံတစ်ခြံမှာ ထားတယ်။ နေ့လည်ပိုင်းကျတော့ အဲ့ကနေ ခပ်လှမ်းလှမ်း ကြက်နှစ် ကောင်ဂိတ်လို့ ခေါ်တဲ့ မွေးမြူရေးခြံတစ်ခုကို ပြောင်းထားလိုက်တယ်ပေါ့။ ဆိုတော့ အခုလက်ရှိဆိုရင်တော့ နှစ်ထောင်ကျော် လောက်တော့ ရှိသွားပြီ။ နေရာကတော့ ထိုင်းအာဏာပိုင်တွေက ပေးထားတာပေါ့ ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ အမှတ်(၂) ချစ်ကြည်ရေးတံတားနားနှင့် ရေပူကုန်းရပ်ကွက်အနီးနားကို စစ် ကောင်စီက Y12 လေယာဉ်အမျိုးအစားနှင့် ယနေ့ နံနက်ပိုင်းကစ၍ တနေကုန်နီးပါး ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုများအပြင် မြေပြင်တွင်လည်း လက်နက်ကြီး လက်နက်ငယ်များ အသုံးပြု၍ နှစ်ဖက်ကြား ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ထိုင်း-မြန်မာ နယ်စပ်နေ ပြည်သူများက ပြောသည်။

မြဝတီဘက်ခြမ်းက ဒေသခံပြည်သူများမှာ မြေပြင်တိုက်ပွဲအပြင် လေယာဉ်သုံးပစ်ခတ်မှုများကြောင့် ထိုင်းဘက် ခြမ်းကို ဧပြီလ ၂၀ ရက်နေ့ တစ်နေ့လုံးနီးပါး ကူးလာနေသည့်အပြင် မြို့ထဲတွင် ပိတ်မိနေသူများ ရှိနေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

မဲဆောက်ဒေသခံတစ်ဦးက နေရာလည်း ထိုင်းအာဏာပိုင်တွေက လုပ်ပေးတယ်။ ရွှေ့တာပြောင်းတာလည်း ထိုင်းအာဏာပိုင်တွေက ရွှေ့ပြောင်းပေးတာပေါ့။ ကျနော်တို့ အပြင်က အဖွဲ့ကားတွေကို သူတို့ အကူအညီ တောင်းတော့ ကျနော်တို့ သွားပြီးကူပေးတယ်ပေါ့ဗျာ။ သောက်ရေတို့၊ စားစရာတို့ကတော့ ထိုင်းအာဏာပိုင် တွေက ပို့တာလည်းရှိသလို ဒီမှာရှိတဲ့ NGOs တွေကနေပြီးတော့ အခင်းတို့၊ စောင်တို့၊ အဲ့ဒါတွေ ပေးတာ ရှိတာပေါ့။ ထိုင်းပြည်သူတွေကလည်း လာပေးတာရှိသလို ဗမာပြည်သူတွေက ပေးတာလည်း ရှိတယ် ဟု ပြောသည်။

စစ်ကောင်စီတပ်က Y12 အမျိုးအစား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေ၍ မြန်မာဒေသခံများ ထိုင်းနိုင်ငံဘက်ခြမ်း ကို ထွက်ပြေးလာကြောင်း ထိုင်းသတင်းမီဒီယာများတွင်လည်း အချိန်နှင့် တပြေးညီ ဖော်ပြနေကြသည်။

မြဝတီမြို့တွင် ကျန်နေသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း -၂၇၅ က တပ်သားများက လက်နက်ချရန် ငြင်းဆန်နေ ခဲ့သည့် အတွက် ဧပြီလ ၁၉ ရက်နေ့၊ ညပိုင်းမှစတင်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာမှ စစ်တပ်ဘက်က လေကြောင်းသုံး ပြန်လည် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ယခု ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးရောက်ရှိလာသည့် မြန်မာစစ်ရှောင်များမှ မြဝတီမြို့ရှိ ရေပူနှင့် ကုန်သွယ်ရေး ဇုန်မှ အများစုဖြစ်ပြီး မြို့တွင်းရပ်ကွက်များဖြစ်သည့် အမှတ် ၄ ရပ်ကွက်၊ ဝါးတောရပ်ကွက်တို့က ပြည်သူများ လည်း ပါသည်ဟုဆိုကြသည်။

၎င်းတို့မှာ သောင်းရင်းမြစ်ကို ဖြတ်ကူပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာကြခြင်း ဖြစ်သည်။

ဓါတ်ပုံ – Crd