မြဝတီတွင် တနေကုန် တိုက်ပွဲ ပြင်းထန်၊ ထိုင်းနိုင်ငံပိုင်နက်အတွင်း ကျည်ကျရောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်။ 

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး တံတားဖြစ်သည့် အမှတ်-၂ တံတားတွင် တနေကုန် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။ ထိုင်းနိုင်ငံ ပိုင်နက်အတွင်း ကျည်များ ကျရောက်မှုလည်း ရှိနေသည်။ 

ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်ထိ စစ်တပ်ဘက်က လေကြောင်းသုံး ဗုံးကြဲနေပြီး မြေပြင်၌လည်း ကရင်တော်လှန်ရေး တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိသည်။

အမှတ် ၂ တံတားအနီးက ဒေသခံတစ်ဦးက တိုက်ပွဲအခြေအနေကတော့ ညကတည်းက ဖြစ်နေတာဗျာ။ ဒီနေ့ မနက် ၈ နာရီလောက်ကနေစပြီးတော့ အခုလက်ရှိ စကားပြောနေတဲ့အချိန်ထိ (ထိုင်းစံတော်ချိန် ၅ နာရီထိ) လေ ယာဉ်က ကျနော်တို့ကို ဟယ်ရီကော်ပတာနဲ့လည်း တမျိုး၊ Y12 နဲ့ရော တနေကုန်လာကြဲနေတာ။ ၁၀ မိနစ်ခြား၊ ၅ မိနစ်ခြား၊ နာရီဝက်ခြား အဲ့ဒါမျိုး တနေကုန်ပဲ တချက်မှ မနားသေးဘူး။ ရပ်သွားလည်း ခဏပဲ၊ ခဏနေကြရင် လာကြဲလိုက် ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းသို့ လက်နက်ငယ်များ ထိမှန်ခြင်း ရှိခဲ့ပြီး ချောင်းစပ်အနီးသို့ လက် နက်ကြီး သုံးလုံးခန့် ကျရောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြန်မာစစ်ဘေးရှောင်များအား ကူညီနေသည့် အဝေးရောက် ဧရာဝတီ အသင်း အတွင်းရေးမှူး ကိုဖိုးသင်္ကြန်က ဒီနေ့ ကျနော်တို့ ဒီမှာ ရှိနေချိန်မှာပဲ ထိုင်းဘက်ခြမ်းကို ကျည်ကျတာ ၃-၄ ခါလောက်ရှိသွားပြီ။ လက်နက်ငယ် ကျည်ပေါ့။ ချောင်းအစပ်မှာတော့ လက်နက်ကြီး နှစ်လုံးသုံးလုံး ကျတာတော့ ရှိတယ်ဗျ။ တိုက်ပွဲက နှစ်မျိုးဖြစ် နေတာ။ လက်နက်ကြီးပစ်တာ၊ လက်နက်ငယ်တိုက်ပွဲကလည်း အောက်မှာဖြစ်နေတယ်။ လေယာဉ်နဲ့ ကြဲနေတာ မျိုးပေါ့ ဟု ပြောသည်။

မြဝတီမြို့တွင် ကျန်နေသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း -၂၇၅ က တပ်သားများက လက်နက်ချရန် ငြင်းဆန် ခဲ့သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာမှ ဧပြီလ ၁၉ ရက်နေ့မှစ၍ ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်း အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု ကိုဖိုးသင်္ကြန်က ဆက်ပြောသည်။

စစ်တပ်တွေက တံတား-၂ ကို ကာဗာယူပြီးတော့ နောက်မှာ ထိုင်းဆိုပြီးတော့ လူလည်ကျတာဗျာ။ ပထမတော့ သူတို့က လက်နက်ချမှာလိုလို ဟိုဟာပဲဖြစ်မှာလိုလိုနဲ့ တကယ့်တကယ်ကျတော့ သူက တံတားကနေပြီးတော့ ပထမတော့ သူတို့က ထိုင်းဘက်ထဲကိုပဲ ကူးမှာလိုလို ဘာလိုလိုနဲ့လေ တကယ့်တကယ်ကျတော့ ထိုင်းဘက် လည်း မကူးဘဲနဲ့ တံတားမှာပဲ ကတုတ်ကျင်းတွေဘာတွေ တူးပြီးတော့ ခံစစ်ပြင်ပြီးတော့ ပြန်တိုက်တဲ့သဘော။ အောက်ကလည်း ဒီ ၅၅ တို့ ဘာတို့ကလည်း တက်လာတယ်ဆိုတော့ သူ့လူတွေ စစ်ကူလာတော့ ဘာညာဆို တော့ ဒီကောင်တွေက အားရှိပြီးတော့ ချနေတာလား မသိပါဘူး။ တကယ့်တော့ မြဝတီလည်း မရောက်ပါဘူး။ လမ်းမှာပဲ ဖြတ်တိုက်ခံနေရတာ။” 

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ကူနေသည့်အပြင် မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက် ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေ သည်ဟု မြေပြင်ရှိ စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။ Y12 လေယာဉ်များဖြင့် ဗုံးကြဲပြီး Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခိုက်တိုက်ခိုက်လျက်ရှိသည်ဟုလည်း ပြောသည်။ 

တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေများကိုမူ မသိရသေးပေ။

ထိုသို့ ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားသည်။

အမှတ်-၂ တံတားအနီးက မြန်မာတစ်ဦးက ထိုင်းတွေကတော့ ဒီတံတားနားပတ်ဝန်းကျင် ဘယ်ညာပေါ့နော် ဒီနယ်စပ်တစ်လျှောက်မှာ စစ်ကားတွေ ချထားတယ်။ လက်နက်တွေ တင်ထားတဲ့စစ်ကားတွေ ချထားတယ်။ နောက်တချို့ တောင်ကုန်းတွေပေါ်မှာ ဆိုလို့ရှိရင် သူတို့ လက်နက်ကြီးတွေ နေရာယူထားတယ်။ လေယာဉ် ပစ် တွေဘာတွေ ဆင်ထားတယ်။ ကျန်တာကတော့ သူတို့ဘက်ကနေ ပြန်ပြီးတုန့်ပြန်တာ ဘာညာတော့ မရှိဘူးပေါ့ နော် ဟု ပြောသည်။

ထိုင်းဘက်ခြမ်းက စစ်ရေးအရ ပြင်ဆင်မှုများအပြင် မဲဆောက်ဘက်ကို ထွက်ပြေးလာသည့် မြန်မာစစ်ရှောင်များ ကိုလည်း နေရာထိုင်ခင်းများ ပြင်ဆင်ပေးခြင်း၊ ရွှေ့ပြောင်းပေးခြင်းများကို ကူညီလုပ်ဆောင်ပေးလျှက်ရှိသည်။

ထို့အပြင် စစ်ရှောင်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း ထိုင်းဝန် ကြီးက အသိပေးထားသည်။ 

နှစ်ဖက်တိုက်ပွဲမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်-၂ တံတားတွင် ဖြစ်ပွားနေခြင်း ဖြစ်ပြီး စစ်တပ်က လည်း အဆိုပါ တံတားအနီး ကတုတ်ကျင်းများတူးကာ ခံစစ်ပြန်ပြင်ပြီး တိုက်နေသည်ဟု မြေပြင်ရှိ စစ်ရေး သတင်း အရင်းအမြစ်များက ပြောသည်။

Photo – ထိုင်းသတင်းမီဒီယာ