ပြည်သူ့ထံ ဆက်ကြေးကောက်၊ အရပ်သားများအား စစ်သင်တန်းပေးနေသည့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
ဦးအောင်ခမ်းထီ ဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ PNO/PNA သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လှုပ်ရှားလျက်ရှိပြီး စစ်အာဏာသိမ်းပြီးနောက် ဒေသခံများကို စစ်သင်တန်းများ ဆက်တိုက်ပေးနေသည်။
PNO သည် စစ်သင်တန်းအတွက် အတင်းအဓမ္မ လူစုဆောင်းနေသည့်အပြင် ပြည်သူများထံမှ လစဉ် စစ်အသုံးစရိတ်များအတွက် ငွေကြေးများ အတင်းအဓမ္မ ကောက်ခံနေကြောင်း ကျေးရွာဒေသခံများက ဆိုသည်။
တောင်ကြီးမြို့နယ်ထဲက ပအိုဝ်းကျေးရွာမှ ပြည်သူများကို PNA စစ်သင်တန်းခေါ်ယူ
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃ ရက်တစ်ကြိမ် စစ်သင်တန်း ခေါ်ယူနေသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။
တောင်ကြီးမြို့နယ်၊ ၆ မိုင်အုပ်စု၊ နမ့်ဆီးနောင်လေ ကျေးရွာ (၆ မိုင် အုပ်စု)တွင် ကျေးရွာအတွင်းရှိ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများအား မတ်လ အစပိုင်းကတည်းက ဖိအားပေး စစ်ပညာ သင်ကြားခိုင်းနေခြင်း ဖြစ် သည်။
စစ်ပညာ သင်ကြားခဲ့သူ တစ်ဦးက “သူတို့က ထွေထွေထူးထူး စနစ်တကျ သင်ပေးတာတော့ မဟုတ်ပါဘူး။ သေ နတ်တောင် မကိုင်ရဘူး။ PNO က ပအိုဝ်းလူမျိုးတွေကို ဘယ်လောက်လုပ်ပေးတဲ့အကြောင်း ဟောပြောတယ်။ ကိုယ့်လူမျိုးအတွက် လက်နက်ကိုင်ကြဖို့၊ ကျူးကျော်လာရင် ပြန်တိုက်ထုတ်ဖို့ ပြောတယ်။ အဲလောက်ပါပဲ” ဟု ပြောသည်။
စစ်သင်တန်း တစ်ကြိမ်လျှင် ဘယ်နှစ်ဦးနှုန်းဖြင့် သတ်မှတ်ခြင်း မရှိဘဲ အလျဉ်းသင့်သလို ခေါ်ယူ၍ ကျေးရွာရှိ အကျုံးဝင်သည့် အမျိုးသားအားလုံး တက်ရောက်ရမည်ဟု ဆိုသည်။
စစ်သင်တန်းအား ဟိုပုံးမြို့နယ်၊ ထန်စမ်းဂူ အနီးတွင် ပြုလုပ်နေပြီး သင်တန်းအသုံးစရိတ်များအား တက်ရောက် သူများဘက်မှ အကုန်အကျခံရခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
နမ့်ဆီးနောင်လေ ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက “ရွာလူကြီးကလည်း PNO ဖိအား ပေး လို့ လုပ်နေတာပါ။ သူလည်း မလူးသာ မလွန့်သာပဲ။ ဟိုဘက်လည်း ကြောက်ရ၊ ဒီဘက်လည်း ကြောက်ရ။ နုတ် ထွက်ခွင့်လည်း မပေးဘူး” ဟု ပြောသည်။
လတ်တလောတွင် စစ်သင်တန်း တက်ရောက်ပြီးသူများအား ရှေ့တန်းပို့ဆောင်သွားမည် မဟုတ်ဘဲ ကျေးရွာ တွင်သာ အလှည့်ကျ လုံခြုံရေးအတွက် ကင်းစောင့်တာဝန်ချထားမည်ဟု ဆိုသည်။
နမ့်ဆီးနောင်လေကျေးရွာတွင် ပြီးခဲ့သည့် ၇ လခန့် ကတည်းက စစ်အသုံးစရိတ်အဖြစ် တစ်အိမ်လျှင် ၃၀,၀၀၀ ကျပ် ကောက်ခံခဲ့ပြီး နောက်ပိုင်းတ္ငင် ရွာသူကြီး၏ ညှိနှိုင်းမှုကြောင့် ၁၀,၀၀၀ ကျပ်သို့ လျှော့ချ ပေးခဲ့သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။
တောင်ကြီးမြို့နှင့် ဟိုပုံးမြို့ကြားရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများထဲ ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်ဆင့် PNO အဖွဲ့က စစ်မှုထမ်းရန် ကျေးရွာတစ်ရွာကို ၃ ယောက်နှုန်းနှင့် လိုက်လံခေါ်ယူနေခြင်း ဖြစ်သည်။
PNO ပြည်သူ့စစ်တပ်ထဲကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အရွယ်ကောင်း ပအိုဝ်းတိုင်းရင်းသား အမျိုးသားများကို စစ်သားအဖြစ် စစ်ကောင်စီခန့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စာရင်းကောက်ပြီး တစ်ရွာကို ၃ ယောက်နှုန်း ပေးရမည်ဟု ဆိုသည်။
ထို့အပြင် ပအိုဝ်းတိုင်းရင်းသား ကျေးရွာများတွင် လုံခြုံရေးစရိတ်အတွက်ဟုဆိုကာ တစ်အိမ်လျှင် ကျပ် ၃ သောင်း ကောက်ခံမှုများ ရှိနေသည်ဟု ဆိုသည်။
မိုင်းရှင်းလင်းရေးအတွက် ပအိုဝ်း ပြည်သူ့စစ် ပိုက်ဆံကောက်မည်
ရှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် တစ်ခွင်လုံးတွင် ပအိုဝ်းပြည်သူ့စစ် အဖွဲ့ (PNA) က မိုင်းရှင်းလင်းရေးခေါင်းစဉ်နှင့် ပြည်သူများထံမှ ပိုက်ဆံကောက်ခံရန် ကြိုးပမ်းနေသည်ဟု ဆီဆိုင်မြို့ခံများက ပြောသည်။
ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA အနေဖြင့် ပြီးခဲ့သည့် မတ်လကတည်းက မိုင်းရှင်းလင်းရေး ခေါင်းစဉ်နှင့် ပိုက်ဆံ ကောက်ခံရန် အသိပေး ပြောဆိုထားပြီး ဧပြီလအကုန်၌ စတင်ကောက်ခံသွားရန် စီစဉ်ပြောဆိုလာသည်ဟု ဆီဆိုင်မြို့ခံများက ပြောသည်။
ဆီဆိုင်မြို့က ပြည်သူများကို တစ်အိမ်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကောက်သွားရန် PNA က စီစဉ်ထားသည်ဟု ဒေသတွင်း ပအိုဝ်းအမျိုးသားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
“ဆီဆိုင်မြို့နယ်မှာ ကျနော်သိရသလောက် မိုင်းထောင်ထားတယ် ဆိုတာ ကျနော် သိရသလောက် စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေပဲ ရှိတယ်ပေါ့နော်။ သူတို့ ဘယ်နေရာမှာ ထောင်ထားတယ်ဆိုတာ သူတို့ပဲ သိမှာ ပေါ့လေ။ အဲတော့ သူတို့ ကိုယ်တိုင် မိုင်းထောင်ပြီးတော့မှ အဲဒီ မိုင်းရှင်းဖို့ကို ပြန်ကောက်တဲ့သဘော ဖြစ်နေ တယ်။ ပြီးတော့ မိုင်းရှင်းတယ် မရှင်းဘူး ဆိုတာကလည်း ဘယ်သူမှ မမြင်ရဘူးလေနော်။”
ထို့ကြောင့် ယခုလုပ်ရပ်မှာ မိုင်းရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး ပိုက်ဆံကောက်စားနေခြင်းမျိုးသာ ဖြစ်သည်ဟု အဆိုပါ တက်ကြွလှုပ်ရှားသူက ဆက်ပြောသည်။
“ဆိုတော့ ဒါတွေက အကြောင်းပြချက် သက်သက် ပြပြီးတော့မှ လုပ်စားနေတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ပြည်သူ လူထုရဲ့ ချွေးနဲစာကို ဂုတ်သွေးစုတ်ပြီးတော့မှ လုပ်စားနေတဲ့ဟာတွေပဲပေါ့။”
လက်ရှိတွင်မူ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ထဲက တိုက်ပွဲများ ငြိမ်သက်နေသည့် ကျေးရွာများတွင် အရင်ဆုံး ပိုက်ဆံကောက်ခံဖို့ PNA က စီစဉ်ထားပြီး နောက်ပိုင်းတွင်မူ စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာများဘက် ကိုပါ ထပ်မံကောက်ခံသွားဖို့ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဆီဆိုင်ဒေသခံများမှာ ဒေသတွင်းက စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများကြောင့် အလုပ်အကိုင် ရှားပါးနေကြ သည့်အပြင် အချို့ကျေးရွာများက ပြည်သူများမှာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရ၍ ငွေတိုးချေးပြီး ထည့်ရ မည့် အခြေအနေမျိုး ဖြစ်နေသည်ဟု PNA နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
“အဲ့လိုမျိုး ကိစ္စတွေက ပြည်သူ့စစ်ခေါင်းဆောင်တွေ ကိုယ်တိုင် အမိန့်ပေးပြီးတော့ လုပ်ခိုင်းတယ် ဆိုတော့ ပြည် သူလူထုကတော့ ကျောကော့အောင် ခံနေရတာပဲ ရှိတယ်ပေါ့နော်။ သူတို့ ဘာမှ တိုင်စရာ တောစရာလည်း မရှိ ဘူးပေါ့နော်။ ခါးစည်းပြီး ခံနေရတဲ့ သဘောပဲ ရှိပါတယ်။”
တောင်းသည့် ပိုက်ဆံ မထည့်နိုင်သော အိမ်ထောင်စုများ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ကျေးရွာထဲမှ ထုတ် ပယ်ခြင်း၊ မူးယစ်ဆေး အကြောင်းပြ ဖမ်းဆီးခြင်း၊ စစ်မှုထမ်း ခေါ်ယူခြင်း စသည့် အရေးယူမှုများကို လုပ်သွားမှာ ဖြစ်၍ ငွေကြေး မပြေလည်သောသူများက စိုးရိမ်ပူပန်နေကြသည်။
ပြီးခဲ့သည့် နှစ်တုန်းကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ထဲ မိုင်းရှင်းလင်းရေး အတွက် PNA အဖွဲ့က တစ်အိမ်ထောင်ကို ကျပ်တစ်သိန်းစီ ကောက်ယူခဲ့ပါသေးသည်။
စစ်ပဋိပက္ခအတွင်း ဖမ်းဆီးရမိသည့် ဖောက်ထွင်း ခိုးယူသူများထဲ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပါဝင်
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဖောက်ထွင်းခိုးယူနေသည့် သူခိုး ၈ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တာဝန်ရှိသူများက ပြောသည်။
ဆီဆိုင်မြို့နေ ပြည်သူများ၏ တိုင်ကြားချက်ကြောင့် ဧပြီလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ပအိုဝ်းပြည့်သူ့စစ် (PNA) ၏ ဗိုလ်လေး ခွန်သုံ ဦးဆောင်သည်ဟု ဆိုသည်။
PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက “အဓိက စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ ခိုးယူတဲ့ ပစ္စည်း အလိုက်ပေါ့နော်။ ဥပမာ တချို့က သူတို့ တစ်ကိုယ်စာ ဆန်တစ်အိတ် ဆီတစ်ဘူး ခိုးတာမျိုးလည်း ရှိတယ်။ တချို့ကတော့ ကားနဲ့ဝင်ပြီးတော့ အစီးလိုက် ပိုင်ရှင်ဟန်ဆောင်ပြီးတော့ ခိုးသယ်တာမျိုးလည်း ရှိတယ်။ အဲ့လို မျိုးကျတော့ သူတို့ ပြစ်ဒဏ်အလိုက် မတူဘူးပေါ့လေနော်။ ထောင်ဒဏ်ဆိုလည်း လကနေ နှစ်အလိုက် ရှိတာ ပေါ့။ အဲ့လိုမျိုးပေါ့” ဟု ပြောသည်။
သူခိုးများအား အမှုစစ် တရားစွဲဆို၍ PNLA အကျဉ်းဦးစီးဌာနတွင် စီရင်ချက်ချသွားမည် ဖြစ်ပြီး ယခင်ကလည်း သာမာန်ခိုးမှုများအတွက် ကြိမ်ဒဏ်၊ ငွေဒဏ်နှင့် အကြီးစား ခိုးမှုများအတွက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ဖူး သည်ဟု တပ်ရင်း တာဝန်ရှိသူများက ပြောပြသည်။
ဆီဆိုင်မြို့အတွင်း ဖမ်းမိသည့် သူခိုးများမှာ စစ်ကောင်စီတပ်နှင့် PNA အများစု ဖြစ်ပြီး ခိုးရာပါ ပစ္စည်းများအား ၎င်းတို့၏ မိသားစုများထံ ပို့ပေးနေသည်များလည်း ကြုံတွေ့ခဲ့ရသည်ဟု PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူက ဆက်ပြောသည်။
“အဓိက ဒီလိုပေါ့ ဥပမာ ရွာထဲ သူတို့ဝင် တပ်စွဲတယ်ဆိုရင် ရွာသားတွေက ထွက်ပြေးတာပေါ့။ အဲဒီတော့ စစ် ကောင်စီက ဆိုင်ကယ်တွေ၊ TV တွေ သူတို့ကိုယ်တိုင် ယူတာပေါ့။ ရတဲ့လူ ယူပြီးတဲ့အခါ စုပေါင်း ကားပေါ်တင် ပြီး နောက်တန်းတပ်ကို ပို့တာပေါ့နော်။ ပို့တဲ့အခါမှာကျတော့ ဒါကတော့ ဘယ်သူ့ဟာ ဖြစ်တယ်။ ဘယ်သူ့ အတွက် ဖြစ်တယ် ဆိုပြီး သူတို့ မိန်းမတွေရဲ့ နာမည်ကို ဆိုင်ကယ်ပေါ်မှာ ရေးတယ်။ ပုံစံကတော့ ဒီဆိုင်ကယ်ဟာ သူ့မိန်းမအတွက် အဲလိုမျိုး ပို့ပေးတာပေါ့။”
ဇန္နဝါရီလ ၆ ရက်နေ့ကလည်း PNLA တပ်သားများ လုံခြုံရေးကင်းလှည့်နေစဉ် ဆီဆိုင်မြို့တွင်း တစ်နေရာတွင် ဖောက်ထွင်းနေသည့် သူခိုး ၃ ဦးအား လက်ပူးလက်ကြပ် ဖမ်းမိခဲ့သေးသည်။
ဆီဆိုင်တိုက်ပွဲ စတင်သည့် ဇန္နဝါရီလ နောက်ဆုံးအပတ်မှ လက်ရှိအချိန်အထိ မြို့တွင်း၌ PNLA က ဖမ်းမိထား သည့် သူခိုးပေါင်း အယောက် ၂၀ ကျော်ရှိပြီး ၎င်းတို့အားလုံးကို PNLA အကျဉ်းဦးစီးဌာနတွင် ချုပ်နှောင်ထား သည်ဟု အမှုစစ် တာဝန်ရှိသူများက ပြောသည်။