မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသအတွင်း ဇူလိုင်လတွင် ဖမ်းဆီးသတ်ဖြတ်ခံရသူ ၆၀ နီးပါးရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇူလိုင်လ တစ်လတာအတွင်း ဖမ်းဆီးသတ် ဖြတ်ခံရသူ ၅၈ ဦးရှိခဲ့ပြီး မတရားဖမ်းဆီး ချုပ်နှောင်ထားခံရသူပေါင်း ၁၅၉ ဦး ရှိခဲ့သည် ဟု မွန်ပြည်လူ့အခွင့် အရေး ဖောင်ဒေးရှင်း (HURFOM) က ဆိုသည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း( HURFOM) မှ တာဝန်ရှိသူ နိုင်အဲမွန်က “ဇူလိုင်လ အပိတ်စာရင်းမှာ ဆိုလို့ရှိရင် လုံးဝ အဖမ်းခံလိုက်ရတဲ့ စာရင်းက ၁၀၇ ယောက် ရှိတယ်။ ဖမ်းပြီးတော့ ချုပ်နှောင်ထားဆဲက ၅၂ ယောက် ရှိတယ်။ အားလုံးပေါင်း အဖမ်းအဆီးစာရင်း သက်သက်ကို ၁၅၉ ယောက် ပေါ့နော်။ တချို့ ဒီစာရင်းထဲ မှာ မပါတာက ပေါ်တာအနေနဲ့ ဖမ်းဆီးသွားတာ၊ လူသားဒိုင်းအနေနဲ့ သုံးပြီး ဖမ်းသွားတာတို့၊ ဖမ်းပြီး အစအန ပျောက်နေတာတို့ မပါဘူး“ ဟု ပြောသည်။
မတရားဖမ်းဆီး ညှင်းပန်းနှိပ်စက်မှုကြောင့် ထိခိုက်သေဆုံး သူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များလည်း ပါဝင်သည်ဟု (HURFOM) တာဝန်ရှိသူ နိုင်အဲမွန် က ဆက်ပြောသည်။
“မတရားရိုက်နှက်တာ အဲ့လို case တွေတော့ ဖမ်းဆီးခြင်းရဲ့ နောက်ကွယ်မှာ တော်တော်များများ ရှိတယ်။ ဆိုတော့ ဒဏ်ရာရလောက်တဲ့အထိ ကတော့ စာရင်းထဲမှာတော့ ဒဏ်ရာရတဲ့နှုန်း ဖမ်းဆီးပြီးတော့ ဒဏ်ရာရ နှုန်းကိုရော နောက်တစ်ခါ လက်နက်ကြီးကျ ပြီးတော့ ဒဏ်ရာရသွားတဲ့ နှုန်းတွေရော၊ လက်နက်ကိုင် ပဋိပက္ခ အတွင်းမှာ နှစ်ဖက်ညှပ်ပြီးတော့ ဒဏ်ရာရတဲ့နှုန်းတွေရော တွက်ထားတာ ဆိုလို့ရှင် Inquire ၁၁၀ ရှိပါတယ်။ ၁၁၀ case ရှိပါတယ်။ သတ်ဖြတ်ခြင်းခံရတာ ဆိုလို့ရှင် ၅၈ case ရှိပါတယ်။ အမျိုးသမီးနဲ့ကလေး ဆိုရင် အားလုံးပေါင်း ၁၆ case လောက် ရှိပါတယ်။”
စစ်ကောင်စီ၏ အဓိက ဦးတည် ဖမ်းဆီးခံရသူ အများစုမှာ NLD အစိုးရလက်ထက်က တက်ကြွလှုပ်ရှားမှုတွင် အမည်ရှိသူများ၊ စစ်အာဏာသိမ်းမှုကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက် လှုပ်ရှားကြသူများ၊ အာဏာသိမ်း အလွန်ကာလတွင် ဆန္ဒပြနေသည့် အဖွဲ့အစည်းများ၏ မိသားစုဝင်များ၊ စစ်ဘေးရှောင်သူများအား ကူညီ ထောက်ပံ့ ပေးနေသူများနှင့် တော်လှန်ရေး တပ်ဖွဲ့ များအား တစ်ဖက်တစ်လှမ်းမှ ပါဝင် ထောက်ပံ့ပေးနေသူဟု ယူဆရသူများ ပါဝင်သည်ဟု နိုင်အဲမွန်က ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် မည်သည့် ပြစ်မှုကိုမျှ ကျူးလွန်ထားခြင်း မရှိသည့် အရပ်သားများကို လက်နက် ကိုင်တော်လှန်ရေး တပ်ဖွဲ့များအား သတင်းပေးမှု၊ ငွေကြေးဆိုင်ရာ ရန်ပုံငွေများ နှင့် စားနပ်ရိက္ခာများ ကူညီ ထောက်ပံ့ပေးမှု စသည့် ပုံစံအမျိုးမျိုးဖြင့် မတရားစွပ်စွဲ ဖမ်းဆီးခံရသူများလည်း ပါဝင်သည် ဟု (HURFOM) တာဝန်ရှိသူက ပြောသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နှင့် မွန်ပြည်နယ်တို့တွင် ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီ တပ်သည် အရပ်သားများအား ပစ်မှတ်ထားပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံနေအိမ် အလုံးရေ ၁၂၀ ကျော် ပျက်စီးခဲ့ရပြီး လူဦးရေ ၇၅,၀၀၀ ခန့် နေရပ်မှ စွန့်ခွာကာ စစ်ဘေးတိမ်းရှောင် နေကြရ သည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ၏ စာရင်းများအရ သိရသည်။
ဓါတ်ပုံ – (HURFOM)