ကရင်နီပြည်တွင် ဘဏ်ငွေသွင်းငွေထုတ်ခြင်းအတွက် ရာခိုင်နှုန်းဖြင့် ပေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။ 

ကရင်နီပြည်တွင် ဘဏ်အကောင့်သို့ ငွေသားထည့်သွင်းမှုအတွက် ရာခိုင်နှုန်းတစ်ခု ပေးနေရသည်ဟု ဘဏ်အကောင့် ပိုင်ရှင်များက ပြောသည်။

လက်ရှိ လွိုင်ကော်မြို့တွင် ငွေထုတ်ခ အနေဖြင့် ၄ ရာခိုင်နှုန်း ပေါက်ဈေးရှိပြီး ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်း စသည့် မြို့နယ်များတွင် ၂၀ ရာခိုင်နှုန်းအထိ ပေးနေရသည်ဟု ဆိုကြသည်။

ကိုယ်ပိုင် ဘဏ်အကောင့်သို့ ငွေထည့်သွင်းလိုသူတိုင်း ဝန်ဆောင်မှု ပေးသူများမှတဆင့် ငွေသား ရာခိုင်နှုန်းတစ်ခု ပေးနေရသည်ဟု ဒေသ တွင်း သတင်းအရင်းအမြစ်များက ပြောသည်။

နေ့စဉ်ငွေသွင်း/ထုတ်နေသူ တစ်ဦးက သူတို့ဘက်က ကြည့်ရင်လည်း ဟုတ်တယ်။ ငွေသားက ထည့်ဖို့မှ မရှိတာ။ လက်ထဲ ပုံလာရင်လည်း အန္တရာယ်များတော့ သွားထည့်ရတယ်လေ။ ထုတ်ပြီဆိုလည်း သွားရတယ်။ ဒီမှာလည်း လူစည်လာပြီဆိုတော့ ငွေထုတ်တာတွေ သွင်းတာတွေက များလာတယ် ဟု ပြောသည်။

ကရင်နီပြည်တွင် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း ဘဏ်စနစ် ပြိုလဲသွားပြီဖြစ်ရာ ဘဏ်အကောင့်မှ ငွေထုတ်ယူမှုအပြင် ငွေထည့်သွင်းသူများလည်း နေရာ အနေအထားပေါ် မူတည်၍ ၂ ရာခိုင်နှုန်းအထိ ပေးဆောင် နေရခြင်း ဖြစ်သည်။

ဘဏ်၏ ဝန်ဆောင်မှုများ မဟုတ်ဘဲ အပြင်တွင်ရှိနေသည့် ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်၊ ငွေသွင်း ဝန်ဆောင်မှု လုပ်နေသူများကို ပေးနေရခြင်း ဖြစ်သည်။

မြို့တော် လွိုင်ကော် အပါအဝင် ကျန်မြို့နယ်များတွင် တိုက်ပွဲများ ခေတ္တငြိမ်သက်သွားသည့် မေလ နောက်ဆုံး ပတ်မှစတင်၍ နေရပ်ပြန်သူ များလာသည်ဖြစ်ရာ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်သူများ အနေဖြင့် ငွေလွှဲရန် အတွက် ကိုယ်ပိုင် ဘဏ်အကောင့်သို့ ငွေထည့်သွင်းရန် လိုအပ်လာခြင်း ဖြစ်သည်။

ကရင်နီပြည်တွင်း၌ Star Link အင်တာနက် တပ်ဆင်ထားသည့် ဆိုင်များက ငွေသွင်း/ထုတ် ဝန်ဆောင်မှု လုပ်ငန်း များကို တွဲလျက်လုပ်ကိုင်နေကြပြီး လတ်တလော ကမ္ဘောဇဘဏ်အကောင့်၊ KBZ Pay နှင့် Wave ပေးများသာ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

လွိုင်ကော်မြို့တွင် နေထိုင်သူတစ်ဦးက သွင်းလည်း ပေးရ၊ ထုတ်လည်းပေးရနဲ့ ဘဏ်တွေ ဖွင့်စေချင်ပြီ။ စစ်ကောင်စီက သူတို့တကယ် နယ်မြေစိုးမိုးနိုင်ပြီလို့ ကြေညာနေရင် ဘဏ်တွေဖွင့်ဖို့ ကောင်းတယ်။ ဘဏ်မဖွင့် နိုင်ဘဲနဲ့ နယ်မြေစိုးမိုးပြီဆိုတော့ တော်တော်ဟာသပဲ ဖြစ်နေတယ် အခုအနေအထားက ဟု ပြောသည်။