ပြည်သူ့စစ် လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။ 

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဆီဆိုင်မြို့နယ်ထဲက အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ကလေးငယ် တစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လက်နက်ကြီး ကျရောက်မှု ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာများ ရခဲ့သည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များက ပြောသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေလည်း မဟုတ်ဘဲနဲ့ စစ်ကောင်စီနဲ့ PNO က လက်နက်ကြီးနဲ့ ပစ်တော့ ပန်အောင်ရွာထဲ ကျတာပေါ့နော်။ အဲဒီမှာ သားအမိ ၂ ယောက်လုံး တောင်ယာ သွား နေတဲ့အချိန် ထိသွားတာပေါ့ ဟု ပြောသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ဆီဆိုင်မြို့နယ်၊ ပန်အောင်ကျေးရွာသို့ ဩဂုတ်လ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် ဦးတည်ပစ်ခတ်ခဲ့ရာ အသက် ၄၀ ကျော်ဝန်းကျင်အရွယ် မိခင်ဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၃ နှစ် အရွယ် သားဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

သားဖြစ်သူမှာ ဝမ်းဗိုက်၊ ညာဘက်လက်နှင့် ဦးခေါင်းတို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိထားပြီး အခင်းဖြစ်သည့် နေရာအထိ PNLA တပ်ဖွဲ့ဝင်များမှ သွားရောက် ကယ်ဆယ်ခဲ့ရသည်ဟု ဆိုသည်။ 

လက်ရှိတွင် လုံခြုံသည့် နေရာသို့ ပြောင်းရွှေ့ပေးထားပြီး ဆရာဝန်များမှ ကြိုးစားကုသပေးနေသော်လည်း ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဆိုသည်။

ခွန်ရိန်းယံက စစ်ကောင်စီက အကြမ်းဖက်သမားဆိုတော့ အကြမ်းဖက်လုပ်ရပ်ကို လုပ်နေတာပေါ့နော်။ ပအိုဝ်း ကျေးရွာတွေ၊ ပြည်သူတွေကို တိုက်ခိုက်နေတာပေါ့။ ဒေသခံတွေ အရပ်သားတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီးတော့ သူတို့က တိုက်ခိုက် သတ်ဖြတ်နေတာပေါ့။ စစ်ကောင်စီနဲ့အတူ သူတို့လက်အောက်ခံ PNO တွေလည်း အဲ့လိုမျိုးပဲပေါ့နော်။ ကိုယ့်လူမျိုး ကိုယ့်ပအိုဝ်းပြည်သူကို ဘယ်လိုစိတ်နဲ့များ စစ်ကောင်စီနဲ့ လိုက်ပါ ပြီး သတ်ဖြတ်ရဲတာလဲ ဆိုတာ နားမလည်အောင် ဖြစ်နေရပါတယ် ဟု သုံးသပ် ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဆီဆိုင် မြို့ အရှေ့ဘက် မီရဲ့ကျေးရွာတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သေးသည်။ 

ဆီဆိုင်မြို့အား စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်လိုက်ပြီးသည့် နောက်ပိုင်းတွင် PNA တပ်များမှာ ဆီဆိုင်မြို့နယ်ထဲရှိ တိုက်ပွဲမဖြစ်သေးသည့် ကျေးရွာများတွင် စစ်သင်တန်းမပေးဘဲ ရှေ့တန်းပို့ခြင်း၊ ပင်လောင်း မြို့နယ်အတွင်း အမျိုးသားများအား ၃ ရက်ခန့်သာ စစ်သင်တန်းပေး၍ ရှေ့တန်းပို့ဆောင်ခြင်း စသည့် လုပ်ရပ် များ ကျူးလွန်လျက်ရှိသည်။