ပညာရေး ကဏ္ဍသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် အရေးကြီးဆုံး ဖြစ်ကြောင်း NUG ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပညာရေး ဌာနသည် အရေးကြီးဆုံး အခန်းကဏ္ဍတစ်ခု ဖြစ်ကြောင်း ‘ညီညွတ်သော တော်လှန်ရေးမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးဆီသို့’ သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသား ညီညွတ်ရေး အစိုးရ ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက ပြောသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ပညာရေး ဝန်ကြီးဌာန၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ပြည်သူ့ ဆက်ဆံရေး ယူနစ်တို့မှ ဩဂုတ်လ ၁၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား ညီညွှတ်ရေးအစိုးရ၊ ပညာရေးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ပညာရေးဌာနဟာ အဓိက အရေးကြီးဆုံး အခန်းကဏ္ဍ တစ်ခု လည်း ဖြစ်ပါတယ်။ ဒီနေ့တော်လှန်ရေးမှာ ပါဝင်နေတဲ့ အဓိက တော်လှန်ရေး အင်အားစုကြီးဟာ ပညာရေး အင် အားစုကြီးပဲ ဖြစ်ပါတယ်။ တော်လှန်တဲ့ ကျောင်းသားတွေ၊ တော်လှန်တဲ့ ဆရာ၊ ဆရာမတွေ တော်လှန်ရေး ဝန် ထမ်းနေတဲ့ အင်အားတွေဟာ ဒီနေ့ တော်လှန်ရေး အင်အားစုများထဲမှာ ကြီးမားဆုံး အင်အားစု ဖြစ်ပါတယ်” ဟု ပြောသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ခြင်းမှ တစ်ဆင့် လက်နက်ကိုင် တော်လှန်ရေးသို့ ကူးပြောင်းသွားသည့် အခါတွင် လည်း CDM ကျောင်းသား/သူများ၊ CDM ဆရာ/မ များသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် အတူ လက်နက်ကိုင် တော်လှန်ရေး အင်အားစုထဲတွင် အကြီးမားဆုံး ပါဝင်နေသည့် အင်အားစု ဖြစ်သည်ဟု NUG ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဆိုသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး -၂ ဦးဗညားကလည်း တော်လှန်ရေး ကာ လအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM အခန်းကဏ္ဍ အရေးပါပုံနှင့် ပတ်သက်၍ ယခု ကဲ့သို့ ပြောသည်။
ဦးဗညား က “ဒီ CDM တွေက တကယ့်ကို ဒီလူထု တော်လှန်ရေးမှာပေါ့နော်။ အတက်ကြွဆုံးသော ကျနော်တို့ စုပေါင်း အင်အားကြီး တစ်ခုဖြစ်တယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်လည်း စစ်ကောင်စီရဲ့ ယန္တရား တော် တော်များများမှာ ကသောင်းကနင်းတွေ ဖြစ်တယ်။ ကျနော်တို့ ကရင်နီပြည်မှာဆို လုံးဝကို ဒီ ဝန်ဆောင်မှုတွေ တော်တော်များများ ရပ်တန့်သွားတာလည်း ဒီ CDM လှုပ်ရှားမှုကြောင့်လည်း ပါ ပါတယ်” ဟု ပြောသည်။
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော် တောင်း ဆိုမှုများကို စစ်တပ်က ရက်စက်စွာ ဖမ်းဆီးခြင်းနှင့် ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသား/သူများ နှင့် ဆရာ၊ ဆရာမ ထောင်ကျော်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနက ဆိုသည်။
ဒေါက်တာဇော်ဝေစိုးက “တကယ်တော့ ဒီ ဖက်စစ် စစ်တပ်ရဲ့ ရက်စက်မှုကြောင့် အသက်ပေးခဲ့ရတဲ့ ကျောင်း သားတွေ အသက်ပေးခဲ့ရတဲ့ ဆရာတွေ ထောင်ကျော်နေပြီ ဖြစ်တယ်။ Data တွေက Under report ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့က ဒါတွေကို ထုတ်ဖော် မပြောကြားလိုတဲ့အတွက် မိသားစုတွေရဲ့ လုံခြုံရေး အတွက် ပြောကြားခြင်း မရှိဘဲနဲ့ အရေအတွက်တွေကို ကျနော်တို့ ပွင့်လင်းစွာ ချပြထားခြင်း မရှိတာဖြစ်တယ်” ဟု ပြောသည်။
ပညာရေး ကဏ္ဍ CDM များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ တီထွင်ကြံဆမှု၊ သုတေသန ပြုမှု စသည့် ပညာရပ်များကို တော်လှန်ရေးအတွင်း အသုံးပြုပါဝင်မှုသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင် သည် အထိ အဆင့်မြင့်သည့် တော်လှန်ရေးတစ်ရပ် ဖြစ်သည်ဟု NUG က ပြောသည်။
မြန်မာ တစ်နိုင်ငံလုံးရှိ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့သည့် ဌာနများအနက် ပညာရေးဌာနမှ အခြေခံပညာရေးကဏ္ဍတွင် ၁၁၈,၈၄၇ ဦး၊ အဆင့်မြင့် ပညာရေး ကဏ္ဍတွင် ၁၃,၆၅၂ ဦးနှင့် သက်မွေးဝမ်း ကျောင်း ပညာရေးကဏ္ဍတွင် အယောက် ၂,၄၀၀၊ စုစုပေါင်း အယောက် ၁၃၄,၈၈၉ ဦး ရှိပြီး CDM ပါဝင်မှု အများ ဆုံးဌာန ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ စာရင်းများအရ သိရသည်။