မတူပီ စစ်ရှောင်များ လုံခြုံရေးကြောင့် နေရပ် မပြန်ရဲသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲသို့ ပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်၍ရကြောင်း မတူပီမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသော်လည်း လုံခြုံမှု မရှိသေးသည့်အတွက် ပြန်လည်ဝင်ရောက် နေထိုင်ရန် ခက်ခဲသည်ဟု မတူပီမြို့ခံများက ပြောသည်။
မတူပီမြို့ကို ချင်းညီနောင်တပ်ဖွဲ့ နှင့် အာရက္ခတပ်တော် AA မဟာမိတ် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့သည်။
ထို့နောက် ပြည်သူများအတွက် လိုအပ်သည့် လုပ်ငန်းများ လုပ်ဆောင်ပြီးဖြစ်၍ မကြာမှီ ဝင်ရောက် နေထိုင် နိုင်မည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လွန်ခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်မှုအပေါ် မီဇိုရမ်သို့ ရောက်ရှိ စစ်ဘေးရှောင်နေသည့် မတူပီမြို့ခံတစ်ဦးမှ ယခုကဲ့သို့ ပြောသည်။
၎င်းက “သူတို့က စာတော့ ထုတ်ပေမယ့်ပေါ့နော် ပြန်လာကြပါ ပြန်ဝင်ကြပါလို့ ပြောပေမယ့် လက်ရှိ တကယ် လက်တွေ့ကြည့်မယ် ဆိုရင်တော့ သူတို့ လုံးဝ တကယ် သွားနိုင်မယ့် အနေအထားကတော့ အခက်အခဲ ရှိတယ် အဓိကတော့ လုံခြုံရေးပေါ့နော်။ ကျနော်တို့ မတူပီမြို့မှာ စကစတော့ ကင်းစင်ပေမယ့် အခုလက်ရှိဖြစ်နေတဲ့ အေအေတွေကြောင့်ပေါ့ မလုံခြုံဘူးဖြစ်နေတာ” ဟု ပြောသည်။
မတူပီမြို့တွင်း လုံခြုံမှု မရှိသေးဘူးဟု ယူဆရသောကြောင့် ၎င်းတို့အနေဖြင့် နေရပ်ပြန်ဖို့ အဆင်မပြေဘူးဟု ဆက်ပြောသည်။
မတူပီမြို့ခံက “အခု မတူပီမြို့နယ်မှာ တောင်တွေ တောတွေ ရွာတွေပေါ့ အခုအရင်က စကစ ခေတ်တုန်းက စစ်ဘေးမရှောင်တဲ့ သူတွေတောင်မှ အေအေကြောင့် စစ်ဘေးရှောင်နေကြတယ်။ အမှန်တကယ်တော့ ပြည်သူ တွေက ဝင်ပြီဆိုတာလည်း မရှိသလောက်ပဲ ရှိသေးတယ်။ ဒီမှာရှိတဲ့ ကျနော်တို့ မတူပီသူ မတူပီသားတွေပေါ့ ဒီ မီဇိုရမ်မှာရှိတဲ့ သူတွေကတောင်မှ ပြန်ဖို့ဆိုတာက အဆင်မပြေဘူးလို့ ပြောရမှာပေါ့” ဟု ပြောသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ဘေးရှောင်နေကြသည့် မတူပီမြို့မှ ဒေသခံပြည်သူ အများစုသည် မတူပီ မြို့ထဲတွင် အာရက္ခတပ်တော် AA ရှိနေသရွေ့ ပြန်လည်ဝင်ရောက် နေထိုင်မည် မဟုတ်ကြောင်း အဆိုပါ စစ်ဘေး ရှောင်မှ ဆက်ပြောသည်။
“တပ်မဟာ ၁ ပေါ့နော် AA ကို ဖိတ်ခေါ်တဲ့ မဟာမိတ်တောင်မှ ဒီမှာ အများကြီးပဲ ရှိကြတယ် သူတို့ကလည်း တစ်ယောက်မှ မပြန်ကြသေးဘူး။ သူတို့တောင်မှ မသွားရသေးဘူး ဒီမှာပဲ အကုန်လုံးရှိတယ်။ ဒီ မီဇိုရမ်ဘက်က တော့ တစ်ယောက်မှ ပြန်မသွားသေးဘူး ကျနော်တို့ ဘာသတင်းမှ မကြားရဘူး။”
ထို့အပြင် တပ်ရင်း ၃ နယ်မြေသို့ ရောက်ရှိနေသော စစ်ဘေးရှောင်များသည်လည်း မတူပီမြို့ထဲသို့ ပြန်လည် ဝင်ရောက်နေထိုင်ခြင်းမရှိသေးဟု ကြားသိရသော်လည်း အခြေအနေ အသေးစိတ်ကို မသိရသေးဟု ၎င်း က ဆိုသည်။
မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေသည့် မတူပီ၊ ထန်တလန်၊ ဟားခါးမြို့မှ စစ်ဘေး ရှောင်များ စုပေါင်းပြီး ချင်း ပြည်နယ်မှ အာရက္ခတပ်တော် AA ထွက်ခွာပေးရန် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က ဆန္ဒထုတ်ဖော် တောင်း ဆိုခဲ့ကြသည်။
မတူပီ ပြည်သူများ၏ သဘောထားများနှင့်ပတ်သက်၍ ချင်းလူ့အခွင့်အရေး အဖွဲ့ CHRO က ယခုကဲ့သို့ သုံးသပ်သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ပရိုဂရမ် မန်နေဂျာ ဆလိုင်းတယ်ရာက “ပြည်သူတွေရဲ့ သဘောထားကတော့ သိပ်မှန်တယ် ဘာလို့လဲဆိုတော့ ကျနော်တို့ ပလက်ဝမြို့နယ်မှာ အခုလက်ရှိ အေအေက အုပ်ချုပ်ရေးယန္တရား အေအေ လက်အောက်မှာ ကျရောက်သွားတယ်ဆိုတော့ အဲ့ဒီ ပလက်ဝမြို့ခံတွေရဲ့ သူတို့ရဲ့ ခံစားချက်သူတို့ရဲ့ လက်ရှိ ပကတိ သူတို့ရဲ့ ခံနေရတဲ့ အဖြစ်အပျက်တွေလည်း မတူပီမြို့နယ် ပြည်သူတွေက ကြားသိနေရတော့ သူတို့လည်း ပလက်ဝမြို့နယ် ပြည်သူလိုမျိုး သူတို့ကဆက်ပြီးတော့ အဲ့လိုမျိုး မခံစားချင်ဘူးပေါ့ အဲ့လိုကြောင့် သူတို့လည်း စိုးရိမ်ရခြင်း ဖြစ်မှာပေါ့နော်” ဟု ပြောသည်။
လက်ရှိ အချိန်အထိ မတူပီမြို့နယ်ထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူအရေအတွက် မည်မျှရှိသည် ကို သိရှိရန် CDF မတူပီ တပ်မဟာ ၁ သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လုံခြုံရေးအရ အတိအကျ ဖြေဆိုရန် အဆင်မပြေကြောင်း တာဝန်ရှိသူက ပြောသည်။
မတူပီမြို့သိမ်း တိုက်ပွဲများ စတင်ခဲ့သည့် ဇွန်လ ၉ ရက်နေ့ကတည်းက မြို့ပေါ်ရပ်ကွက်နှင့် အနီးနားရှိ ကျေးရွာမှ ပြည်သူများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ သက်ဆိုင်ရာတပ်ရင်း နယ်မြေများနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် နယ်သို့ စစ်ဘေးရှောင်ခဲ့ရသည်။