နေရပ်ပြန်စစ်ရှောင်ကားများကို ပအိုဝ်းပြည်သူစစ်အဖွဲ့က ဖြတ်သန်းခွင့်ပိတ်ထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှ ကရင်နီပြည်သို့ နေရပ်ပြန်ကြ သည့် စစ်ဘေးရှောင်ကားများကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ဖြတ်သန်းခွင့် ပိတ်ထားသည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက ပြောသည်။
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့မှ ဒီးမော့ဆို၊ လွိုင်ကော်ဘက်သို့ တက်လာသည့် ကားများအား ဩဂုတ် ၁၂ မှ စတင်၍ နောင်ပီ စစ်ဆေးရေးဂိတ်တွင် အကြောင်းမဲ့ ပိတ်ဆို့ထားခြင်း ဖြစ်သည်။
ကိုယ်တိုင်ကြုံခဲ့ရသူ တစ်ဦးက “ဘာကြောင့်ပိတ်လဲဆိုတာ သိချင်တာပေါ့နော်။ တိုက်ပွဲလည်း မရှိဘူး၊ သံသယ ဖြစ်စရာလည်း မရှိဘူးဆိုရင် သူတို့ ပေးဖြတ်ရမယ်လေ။ တောင်းတောင်းပန်ပန်နဲ့ ပြောတော့လည်း လူကို သေနတ်နဲ့ ခြောက်သေးတယ်” ဟု ပြောသည်။
နောင်ပီ စစ်ဆေးရးဂိတ်တွင် တပ်စွဲထားသည့် PNA တပ်ဖွဲ့ဝင်များသည် နောင်းတောင် လမ်းဆုံးမှစ၍ ပိတ်ဆို့ ထားပြီး တပ်ဖွဲ့ဝင်အားလုံးမှာ မျက်နှာဖုံး အနက်ရောင် ဝတ်ဆင်ထားကြသည်ဟု ဆိုသည်။
အဆိုပါ PNA တပ်ဖွဲ့ဝင်များမှာ စစ်ရှောင်ကားများအား ခြိမ်းခြောက် ငွေတောင်းခြင်း၊ ရိက္ခာနှင့် ဆေးပစ္စည်းများ ကိုလည်း သိမ်းယူခဲ့ကြသည်။
အလားတူ ဂိတ်ဖွင့်မည့် နေ့ရက်နှင့် အချိန်ကိုလည်း အသိပေးခြင်း မရှိဟု ကြုံတွေ့ခဲ့ရသူများက ဆိုကြသည်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “ဘယ်ချိန်ဖွင့်မလဲ သိရရင်တော့ စိတ်အေးရတာပေါ့ နော်။ အခုက စောင့်နေကြတဲ့ ကားတန်းတွေက တော်တော်ပိတ်နေပြီ။ အဲဒီဂိတ်က စစ်ကောင်စီ မရှိဘူး။ PNA သီးသန့်” ဟု ပြောသည်။
ဂိတ်ပိတ်သည့် ရက် ကြာရှည်လာပါက ကရင်နီပြည်အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည့် အပြင် ရိက္ခာနှင့် ဆေးပစ္စည်းများ ပြတ်လပ်လာနိုင်သဖြင့် စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့အစည်းများက စိုးရိမ်ပူပန်နေကြသည်။
ပင်လောင်း – လွိုင်ကော် လမ်းတစ်လျှောက်ရှိ PNA ဂိတ်များမှာ လမ်းအား မကြာခဏ ပိတ်ခြင်း၊ ပစ္စည်းများ သိမ်းယူခြင်းတို့ကို မကြာခဏဆိုသလို ကျူးလွန်လေ့ရှိသော်လည်း စစ်ကောင်စီဂိတ်များ၌ ယခု ဩဂုတ်လ အတွင်း ထိုကဲသို့ ဖြစ်စဉ်များ မတွေ့ရသေးဘူးဟု စစ်ဘေးရှောင်များအား ကူညီသူများက ပြောသည်။