ဟားခါးမြို့နယ်အတွင်း အရေးပါသော တပ်စခန်းကို ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များ သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ချင်း လဲန်း ကောင်စီ ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်ဟု ချင်းအမျိုးသား တပ်မတော် CNF/CNA က ပြောသည်။
အဆိုပါ တပ်စခန်းသည် ဟားခါးနှင့် ထန်တလန်ကြားတွင်ရှိသည့် တပ်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီနှင့် ချင်းတော်လှန်ရေး တပ်များအတွက် စစ်ရေးအရ အရေးပါသည့် တပ်စခန်းတစ်ခု ဖြစ်သည်ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။
၎င်းက “အဲ့ဒီ တပ်စခန်းက အခုကျနော်တို့ CNF/CNA ပူးပေါင်းတပ်တွေက အဲ့ဒီ ဟားခါးမြို့အတွက် အဓိက လုံခြုံရေး ဟားခါးမြို့တပ်ကုန်းတွေရဲ့ အဓိက လုံခြုံရေး ပေါက်ဝလို့ ပြောလို့ရပါတယ်။ အဓိက ကျနော်တို့ အတွက်ဆိုရင် အခုဟာ ထန်တလန်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆို ဟားခါးကနေ ထန်တလန်ဘက်ကို စစ်ကူပို့တဲ့ နေရာမှာ အဲ့ဒီစခန်းက စံတစ်ခုဆိုတော့ ကျနော်တို့ အတွက်လည်း အရေးပါသလို ဒီဟားခါးမှာရှိနေ တဲ့ ဗျူဟာကုန်းကြီး အတွက်လည်း အင်မတန်မှအရေးပါတဲ့ စခန်းတစ်ခုပေါ့နော်” ဟု ပြောသည်။
ထိုတပ်စခန်းကို ဩဂုတ်လ ၁၂ ရက်နေ့က တိုက်ခိုက်သိမ်းနိုင်ခဲ့သည်ဟု CNF/CNA က ဆိုသည်။
စစ်ကောင်စီ အနေဖြင့် ၎င်းတို့အတွက် စစ်ရေးအရ အဓိက အရေးပါသည့် တပ်စခန်းကို လက်လွှတ် ဆုံးရှုံး လိုက်ရသည့်အတွက် ပြန်လည် ထိုးစစ်ဆင်လာနိုင်သည်ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။
“ကျနော်တို့က သိမ်းလိုက်ပြီ ဆိုတော့ သူတို့က အဓိက ဒီမြေပြင်ကနေ စစ်ကူပို့တဲ့ နေရာဖြစ်တယ်။ ဒါပေမယ့် လက်ရှိအထိတော့ သူတို့ ဒီဝေဟင်ကနေပဲ စစ်ကူတွေ ဘာတွေ ပို့နိုင်တော့တယ် ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ကတော့ ဒီမြေပြင်ကနေ ဆက်လက်ပြီးတော့ ထိုးနိုင်ဖို့ အဲ့ဒီစခန်းက သူတို့ ဟားခါး ဗျူဟာကုန်းနဲ့ နီးနီးလေး ဆိုတော့ အချိန်မရွေး အဲ့ဒီမှာလည်း ပြန်ပြီးတော့ ထိုးစစ်ဆင်လာနိုင်တယ်။”
စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ သကဲ့သို့ ချင်းလဲန်းကောင်စီ တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှလည်း ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNF/CNA က ပြောသည်။
စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည် ဟု ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့ကလည်း ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်ကုန်းကို ချင်းလဲန်း ကောင်စီ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
လက်ရှိ ဟားခါးနှင့် ထန်တလန်မြို့ အကြားတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ထန်တလန် မြို့ထဲတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။
ဟားခါးမြို့ရှိ စစ်ကောင်စီ၏ ပင်မ အထိုင်တပ် စခန်းကြီးထဲကို ဝင်ရောက်နိုင်ရန် ကြားတွင် တပ်စခန်း ၂ ခုသာ ကျန်ရှိနေပြီး အဆိုပါစခန်း ၂ ခုမှာ ဟားခါး တက္ကသိုလ်တွင် ခြေကုပ်ယူထားသည့် တပ်စခန်းနှင့် ချင်းပြည်နယ် ဝန်ကြီးရုံးရှိ တပ်စခန်းတို့ ဖြစ်သည်ဟု ဆလိုင်းထက်နီ က ပြော သည်။
ချင်းပြည်နယ် ထန်တလန်မြို့အပြင် ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ချင်းအမျိုး သား တပ်မတော် CNA ဦးဆောင်သည့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဇူလိုင်လ ၂၂ မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။