စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။ 

ဆားလင်းကြီးမြို့နယ်၊ ပလောင်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်သဖြင့် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မုံရွာမြို့ပေါ်ရှိ Ocean ဈေး အနောက်ဘက်တွင် ဂိတ်ချထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ ပလောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည် ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဗိုက်ကြီးသည် ထိခိုက်တာပေါ့နော် လူကတော့ ကျန်းမာရေး ကောင်းပေမယ့် ကလေးကတော့ ဆုံးသွားတာ ရှိတယ်။ ချင်းတွင်းမြစ် ကမ်းဘေးက ရွာတွေ လက်နက်ကြီး ပစ်တာက မုံရွာမြို့ဘက် Ocean အနောက်ဖက် ကင်းစခန်းတွေလို့ ပြောရမှာပေါ့။ ပိုက်ဆံကောက်တဲ့ ဂိတ် ပေါ့ဟု ပြောသည်။

ပလောင်ကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်မှာ ဩဂုတ်လ ၁၄ ရက်နေ့၊ နေ့လည် ၁၁ နာရီဝန်းကျင် အချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပလောင်ကျေးရွာနှင့် လက်နက်ကြီး ပစ်ခတ်သည့်နေရာသည် ချင်းတွင်းမြစ်သာ ခြားပြီး အဆိုပါကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများ က ပြောသည်။

ပလောင်ကျေးရွာသည် ကျေးရွာငယ်လေးတစ်ခုသာ ဖြစ်ပြီး တရုတ်ကုမ္ပဏီ ဝမ်ပေါင်ကြေးနီ တူးဖော်ရေး စီမံကိန်း နှင့် အနီးဆုံးမှာရှိသည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်က လုံခြုံရေးယူသည့် အနေဖြင့် ထိုကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် ဂိတ်ချထိုင်ထားသည့်အပြင် အင်အားများစွာ ချထားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဂိတ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ ရှိ သည်ဟု ဒေသခံများက ပြောသည်။

ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် သူတို့က လုံခြုံရေး ကာကွယ်တယ်ပြောရမှာ။ အခုနောက်ပိုင်း လက်နက် ကြီးနဲ့ မကြာခဏ ပစ်ခတ်တယ်။ မဆိုင်တဲ့ ပြည်သူတွေ ထိခိုက်တာလည်း ခဏခဏပဲ။ ဟောင်ဝဇ်ဇာတွေနဲ့ လည်း ပစ်တယ်။ စစ်ရေးကတော့ ငြိမ်နေတယ် ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်ကမ်းပေါ် ရှိ စက်လှေတစ်စီး၌ လိုက်ပါလာသူတစ်ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့သေးသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကြောင့် မုံရွာမြို့၊ ထန်းနှောင်းတောကျေးရွာက အရပ်သား ၁၁ ဦး သေဆုံးခဲ့ရပြီး၊ ၂၁ ဦး ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့ သေးသည်။

မြန်မာနိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သားနှင့် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ စုစုပေါင်း အယောက် ၅၄၀၅ ဦး သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်း ထုတ်ပြန်ထားသည်။