ဗထူးတပ်မတော်မှ မောင်းမကန်ကမ်းခြေက KTV ခြောက်ခုကို မီးရှို့ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေရှိ KTV ခြောက်ခုကို ဗထူးတပ်မတော်က ဝင်ရောက် စစ်ဆေးပြီး‌နောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။

ဗထူးတပ်မတော်မှ မောင်းမကန်ကမ်းခြေ အဝင်လမ်းတွင် ရှိနေသည့် KTV များကို ဝင်ရောက် စစ်ဆေးပြီးနောက် လူများကို အပြင်သို့ထွက်ခိုင်းပြီး အဆောက်အအုံများကို သြဂုတ်လ ၁၆ ရက်နေ့၊ ညပိုင်းက မီးရှို့ဖျက်ဆီး လိုက် ခြင်း ဖြစ်သည်။

ဗထူးတပ်မ‌တော် တာဝန်ရှိသူတစ်ဦးက “KTV ကို အမည်ခံ အကြောင်းပြပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေ ကြတာကို တွေ့ရှိရပါတယ်။ ဝင်ရောက်ရှာဖွေတဲ့ အချိန်မှာလည်း WY ဆေးပြားတွေကို ရောင်းဝယ်တာရော သုံးစွဲ တာပါ စစ်ဆေးတွေ့ရှိရတယ်။ ဒါကြောင့်မို့ ပြင်းထန်စွာ အရေးယူတဲ့ အနေနဲ့ မီးရှို့လိုက်တာပါ ဟု ပြော သည်။

KTV များအတွင်း ပြည့်တန်ဆာလုပ်ငန်းနှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ် သုံးစွဲနေခြင်းတို့ကို စစ်ဆေးတွေ့ရှိ၍ ဝင်ရောက်အရေးယူ ရခြင်းဖြစ်ကြောင်း ဗထူးတပ်မ‌တော်၏ တာဝန်ရှိသူက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

မီးရှို့ဖျက်ဆီး ခံလိုက်ရသည့် KTV များသည် အသေးစား လုပ်ငန်းများဖြစ်ပြီး အလုပ် လုပ်ကိုင်နေသည့် အမျိုးသမီးများ နှင့် အလုပ်သမားများမှာ နယ်ခံများ မဟုတ်ဘဲ အခြားသော နေရာဒေသ အသီးသီးမှ လာရောက် လုပ်ကိုင်နေသူများ ဖြစ်ကြဟု ဆိုသည်။

မီးရှို့ခံရခြင်းကြောင့် KTV အဆောက်အအုံများ အပြင် အတွင်းရှိ ကာရာအိုကေ စက်များနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ပျက်စီးသွားခဲ့ပြီး KTV ရုံတစ်ရုံမှ ကားတစ်စီးကိုလည်း ဗထူးတပ်မတော်က သိမ်းဆည်းသွားခဲ့သည်

ဟု ရွာသားများက ပြောသည်။

ဗထူးတပ်မတော်က KTV ဆိုင်ရှိ အလုပ်သမားများကို တစ်စုံတစ်ရာ အရေးယူခြင်းမျိုး မရှိခဲ့ဘဲ ၎င်းတို့ ပိုင်ဆိုင်သည့် ပစ္စည်းများကိုလည်း တစ်ခုမကျန်ပြန်ပေးခဲ့သည်ဟု ဖြစ်စဉ်ကို သိသော နီးစပ်သူက တစ်ဦးက ဆိုသည်။

KTV ဆိုင်များ မီးရှို့ဖျက်ဆီးခဲ့ခဲ့ရပြီး နောက်တစ်ရက်တွင် မောင်းမကန် နယ်မြေ ရဲစခန်းကို ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များက လာရောက် တိုက်ခိုက်ခဲ့ကြသည်။

လက်ရှိတွင် ‌‌မောင်းမကန် နယ်မြေ ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်အထိ တပ်တိုးထားပြီး ကျေးရွာအတွင်း ကင်းလှည့်သည့် ပုံစံဖြင့် လှုပ်ရှားသွားလာနေသည်ဟု ရွာသားများက ပြောသည်။

ဓါတ်ပုံ – မီးရှို့ဖျက်ဆီးခံခဲ့ရသည့် KTV နေရာမြင်ကွင်း