ထားဝယ်မြို့ပေါ်နှင့် မောင်းမကန်ကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။

ထားဝယ်မြို့ မြောက်ဘက်ရှိ ဆင်ဆိပ်၊ အိပ်ရှေ့ပြင်ရပ်ကွက်များနှင့် လောင်းလုံးမြို့နယ်မှ မောင်းမကန်ကျေးရွာ တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ဆင်ဆိပ်ရပ်ကွက်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်များတွင် သြဂုတ်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီ မှ ၆နာရီခွဲ အချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဘက်ပစ်ခတ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။

အသက် ၃၅ နှစ်အရွယ် မြို့ခံအမျိုးသား တစ်ဦးက တိုက်ပွဲက နည်းနည်းကြမ်းတယ်၊ လက်နက်ကြီးသံက အချက် ၂၀ မကဘူး။ စစ်တပ်က လေယာဥ်ကွင်း အထဲ ဘက်ကနေ ဆင်ဆိပ်ဘက်ကို ပစ်နေတာ ထိခိုက်မှုတော့ မသိရသေးပါဘူး ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ အတွင်း ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး အရေးပေါ် လူနာတင်ကားများ ဝင်ထွက်သွားလာနေသည်ကို မြင်တွေ့ရ ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုများကြောင့် အိပ်ရှေ့ပြင်ရပ်ကွက်နှင့် ဆပ်ဆိပ်ရပ်ကွက်အတွင်း နေထိုင်သူများမှာ စိုးရိမ်ကြောက်လန့် ပြီး အရေးပေါ်ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

စစ်ကောင်စီတပ်ဘက်မှလည်း ကားများဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို ဆင်ဆိပ်နှင့် အိမ်ရှေ့ ပြင်ရပ်ကွက်များဘက်သို့ စစ်ကူပို့ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ထို့အပြင် လောင်းလုံးမြို့နယ် အတွင်းရှိ ‌မောင်းမကန် ကျေးရွာတွင်လည်း ညနေပိုင်း တချိန်တည်းမှာပင် တိုက်ပွဲ ပြင်းထန်ခဲ့သေးကြောင်း ဆိုသည်။

အလားတူ မောင်းမကန် နယ်မြေရဲစခန်းကိုလည်း သြဂုတ်လ ၁၇ ရက်နေ့၊ ညနေ ၄ နာရီ‌ခန့်က စတင်ပြီး ညနေ ၆နာရီအချိန်ခန့် အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်နေသည့် အချိန်အတွင်း မောင်းမကန် ရဲစခန်းဘက်နှင့် သုံးထပ်လမ်း အနီးတဝိုက်တွင် လက်နက်ကြီး ပစ်ခတ်သံ ဆယ်ချက်ထက်မနည်း ကြားရပြီး မီးခိုးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ရသည်ဟု ရွာသားများက ပြောသည်။

ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်ကလည်း ထားဝယ်မြို့ ရေးလမ်းပေါ်ရှိ ဆင်ဆိပ်လမ်းကွေ့တွင် တနင်္သာရီတိုင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာသည့် ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ထိုတိုက်ခိုက်မှုကို ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်တို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားသည်။