တောင်ကြီးတွင် စစ်ဘေးရှောင် ကျောင်းသားတစ်ဦး ယာဉ်မတော်တဆမှု ဖြစ်ပြီး ပွဲချင်းပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။

ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးတွင် ကျောင်းသို့ သွားစဉ် စစ်ဘေးရှောင် ကျောင်းသားတစ်ဦး ယာဉ်မတော် တဆမှု ဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ ဧရာဝတီ လက်ဖက်ရည်ဆိုင်နှင့် တောင်ကြီးတက္ကသိုလ်ကြား လမ်းပိုင်းနေရာတစ်နေရာတွင် ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်၌ ၁၀ နှစ် အရွယ် GRADE-6 ကျောင်းသားတစ်ဦးအား Elite အဝေးပြေး ယာဉ်လိုင်းမှ ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ လက်ဘက်ရည်ဆိုင်မှ လမ်းမြင်လိုက်သူ တစ်ဦးက သူတို့ ဆိုင်ကယ်ကို ကားက နောက်နေ ဝင်ချိတ် သွားတာ။ လမ်းအလယ်တည့်တည့် မောင်းနေတာလည်း မဟုတ်ဘူး။ အလွတ်ကြီးပဲ။ ကလေးအဖေက ကလေး ကိုဖက်ပြီး ငိုနေတာ။ ကလေးခေါင်းက မရှိတော့ဘူးဟု ပြောသည်။

သေဆုံးသူ ကလေးငယ်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကာလအတွင်း မိုးကုတ်မြို့မှ မိသားစုလိုက် စစ်ဘေး ရှောင်လာသူ ဖြစ်ပြီး ကားဖြင့် ကြိတ်မိပြီး တစ်ကိုယ်လုံး ကြေမွဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ယာဉ်မောင်းအား စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး သေဆုံးသူ မိသားဝင်များက အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုကြသည်။

ဖြတ်သွားဖြတ်လာ တွေ့ရှိသူ တစ်ဦးက ကလေးအဖေက သူ့ဒဏ်ရာတောင် ဂရုမစိုက်အားဘူး။ ကလေးကို ပွေ့ပြီး အားရပါးရငိုနေတာ မျက်လုံးထဲက မထွက်ဘူး။ ကလေးက ခေါင်းမရှိတော့လို့ ပုဆိုးလေးနဲ့ အုပ်ပြီး ငိုနေတာ ဟု ပြောသည်။

တောင်ကြီးမြို့၊ ဧရာဝတီလမ်းဆုံနှင့် အနီးတစ်ဝိုက် နေရာများတွင် မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားလေ့ ရှိသည့် အပြင် ယာဉ်မတော်တဆ ဖြစ်တိုင်းလည်း ထိခိုက်သေဆုံးမှုများ ကြုံရသည်ဟု တောင်ကြီးတက္ကသိုလ် အနီးတစ်ဝိုက်၌ နေထိုင်သူများက ပြောသည်။

Elite အဝေးပြေး ယာဉ်လိုင်းမှာ မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်ဟု သတင်းမီဒီယာများ ၏ ဖော်ပြချက်အရ သိရသည်။


Elite အဝေးပြေး ယာဉ်လိုင်းကို ယခင် ဦးသိန်းစိန် လက်ထက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးရွှေမန်း ပိုင်ဆိုင်သည့် ယာဉ်လိုင်း ဖြစ်သည်။