တနင်္သာရီတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊  ဩဂုတ်လ ၂၅ ရက်။

တနင်္သာရီမြို့နယ်အတွင်းရှိ ဆင်ခေါင်းကျေးရွာနှင့် ထုံမခါကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီမှ K-8W Jet Fighter အမျိုးအစား တိုက်လေယာဉ်ကို အသုံးပြုပြီး သကျက်ကျေးရွာအုပ်စုရှိ ဆင်ခေါင်းကျေးရွာ ဘုရားတောင်ကို ဩဂုတ်လ ၂၂ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် အချိန်ခန့်က မီးလောင်ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက တိုက်ပွဲ ဖြစ်တာမရှိဘဲ တမင်သက်သက် ဗုံးလာကြဲချတာပါ၊ နေ့တိုင်းလိုလို လေယာဉ်နဲ့ ဗုံးလာကြဲတာ ဆယ်ရက်လောက် ရှိနေပြီ ဟု ပြောသည်။

မီးလောင်ဗုံး နှစ်လုံးအနက် တစ်လုံးပေါက်ကွဲပြီး ကျန်တစ်လုံးမှာ မပေါက်ကွဲသေးကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုအတွင်း လူထိခိုက်မှု မရှိကြောင်း ရွာသားတစ်ဦးက ဆိုသည်။  

ထို့အပြင် ထိုနေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်မှ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာရှိ စာသင်ကျောင်းကို တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများ မရှိသော်လည်း ပြည်သူများ၏ နေအိမ်အချို့ ပျက်စီး ခဲ့သည်။

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ထုံမခါကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် KTLA နှင့် PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး ဘုန်းကြီး ကျောင်းပါ ထိခိုက်ပျက်စီးသေးကြောင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့မှ စတင်ပြီး ဩဂုတ်လ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်မှ တနင်္သာရီမြို့နယ် အတွင်းရှိ သကျက်၊ ဆင်ခေါင်း၊ ခြောက်မိုင်၊ မမသောင်၊ ကဏန်းကွင်းနှင့် ထုံမခါစသည့် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ 

နှစ်ဘက်တိုက်ပွဲများနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ရွာသားများ စစ်ဘေးရှောင်တိမ်းနေကြရပြီး အချို့မှာ ဗုံးခိုကျင်းများ တူးကာ ပုန်းအောင်းနေထိုင်ကြရကြောင်း ရွာသားများက ဆိုသည်။

စစ်ကောင်စီမှ ကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည့် အတွက် ကျေးရွာနေ ပြည်သူများ အထူးသတိပြု နေထိုင်ကြပါရန် တနင်္သာရီမြို့နယ် – ပကဖအဖွဲ့ နှင့် မြိတ်ခရိုင် – ပကဖ စစ်ကြောင်း (၁) တို့မှ အသိပေး ထုတ်ပြန်ထားသည်။