စစ်ကောင်စီတပ်ရင်း အနီးရှိ ကွမ်းသီးနု သွားကောက်သည့် ရွာသား နှစ်ဦး မိုင်းနင်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ရင်း အနီးရှိ ဥယျာဥ်ခြံမြေတွင် ကွမ်းသီးနု သွားကောက်သူ နှစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရသည်ဟု ရွာသားများက ပြောသည်။

ဆင်ခြေဖုန်းကျေးရွာအုပ်စု အော်ကြီးကျေးရွာမှ အသက် ၃၆ နှစ်အရွယ် မခိုင်ခိုင်လဲ့က ခြေမြန်တပ်ရင်း ခမရ – ၅၅၇ အနီးရှိ ဘိုးဘွားပိုင်ကွမ်းသီးခြံ အတွင်း ကွမ်းသီးနုသွားကောက်ပြီး သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက 

ပြန်ထွက်လာစဥ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက အိမ်နီးချင်းဖြစ်တဲ့ ကိုဟန်ဦးက မိုင်းထိတဲ့ မခိုင်ခိုင်လဲ့ကို သွားသယ် ပေးကြတာ၊ မခိုင်ခိုင်လဲ့ကို ထမ်းလာတဲ့ ကိုဟန်ဦးပါ မိုင်းထပ်နင်းမိတာ ဟု ပြောသည်။

တစ်ရွာတည်းသားချင်း ဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ကိုဟန်ဦး ဆိုသူနှင့် ရွာသားအချို့က ရောက်လာပြီး

မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရထားသူ မခိုင်ခိုင်လဲ့အား ထမ်းပိုးကာ ထွက်လာချိန် မြေမြုပ်မိုင်း ထပ်မံနင်းမိခဲ့သည်ဟု ရွာသားများက ဆိုသည်။

မိုင်းနင်းမိသူ နှစ်ဦးစလုံးမှာ တနင်္သာရီမြို့ရှိ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရပြီး မိုင်းထိ ဒဏ်ရာပြင်းထန်ခြင်း ကြောင့် မခိုင်ခိုင်လဲ့ ဘယ်ခြေကျင်းဝတ် ဖြတ်လိုက်ရပြီး ကိုဟန်ဦးမှာ ညာခြေထောက် ပေါင်အရင်းမှ ဖြတ်တောက် လိုက်ရသည်။

ပေါက်ကွဲခဲ့သည့် မြေမြုပ်မိုင်းများမှာ စစ်ကောင်စီဘက်က ထောင်ထားသည့် မိုင်းဖြစ်သည်ဟု ရွာသားများကပြောဆိုကြပြီး အခင်းဖြစ်ပြီးသည့် နောက်တွင် စစ်ကောင်စီဘက်မှ ရွာသားများကို တပ်ရင်းအနီးတဝိုက်ရှိ ဥယျာဥ်ခြံများဘက်ကို သွားလာခွင့် မပြုတော့ကြောင်း ရွာသားများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် တနင်္သာရီမြို့နယ်အတွင်း မြေမြုပ်မိုင်း နင်းမိခြင်းကြောင့် အရပ်သား သေဆုံးသည့် ဖြစ်စဥ် အများအပြားရှိလာခဲ့ပြီး အသက်မသေဆုံးပဲ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ဆုံးရှုံး လိုက်ရသူများလည်း ရှိနေသည်။

တနင်္သာရီမြို့နယ်အတွင်းမှ ခမရ – ၅၅၇ တပ်ရင်းအပြင် ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ – ၅၆၁ နှင့် အရှေ့မော်တုန်းကျေးရွာ အခြေစိုက် အမြောက်တပ် အမတ – ၃၀၆ တပ်ရင်းအနီးတဝိုက် နေရာများတွင်လည်း မြေမြုပ်မိုင်းများ ထောင်ထားလေ့ရှိသည်။